မွန်ပြည်သစ်ပါတီ၊ မွန်အမျိုးသားပညာရေးဌာနအောက်ရှိ မွန်အမျိုးသားအထက်တန်းကျောင်းများမှ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်း ဖြေဆိုအောင်မြင်သူ ၁၃ ဦး ရှိကြောင်း ကျောင်းတာဝန်ရှိသူများထံ IMNA မှ မေးမြန်းချက်များအရ သိရသည်။
ယခုနှစ် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ညီဆားအထက်တန်းကျောင်းမှ ၁၈ ဦး၊ ဝင်္ကပါကျောင်းမှ ၃၆ ဦး၊ အံဒင်းအထက်တန်းကျောင်းမှ ၂၀ ဦးနှင့် ပင မွန်အမျိုးသားအထက်တန်းခွဲကျောင်းမှ ၂ ဦး စုစုပေါင်း ၇၆ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။
မွန်အမျိုးသားကျောင်းမှ G-12 ကျောင်းသားများ ၂၀၂၆ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဖြေဆိုသူနည်းပါးသည့်အပြင် အောင်ချက်လည်းနည်းပါးသည်ဟု မွန်အမျိုးသားကျောင်းမှ ကျောင်းဆရာတစ်ဦးက ပြောသည်။

“ဝင်္ကပါကျောင်းမှာ ၃၆ ဖြေတယ် ၅ ယောက်အောင်တယ်။ တစ်ယောက်က ဘောဂနဲ့ ဂုဏ်ထူးပါတယ်။ ညီဆားကျောင်းက ၁၈ ယောက်ဖြေတာ ၅ ယောက်အောင်တယ်။ အံဒင်းမှာ ၂၀ ဖြေတော့ ၂ ယောက်အောင်တယ်။ ပငကျောင်းက ၂ ယောက်ပဲဖြေတယ် ၁ ယောက်အောင်တယ်” ဟုပြောသည်။
စုစုပေါင်းဖြေဆိုသူ ၇၆ ဦးအနက် ၁၃ ဦး အောင်မြင်ခဲ့သဖြင့် ရာခိုင်နှုန်းအားဖြင့် ဖြေဆိုအောင်မြင်သူ ၁၇.၁၁ ရာခိုင်နှုန်းရှိခဲ့သည်။
မွန်အမျိုးသားကျောင်းမှ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဝင်ရောက်ဖြေဆိုသူ ၁၂၇ ဦးအနက် အောင်မြင်သူ ၆ သာရှိခဲ့ပြီး သက်တမ်းတစ်လျှောက် အောင်ချက်အဆိုးရွားဆုံးဖြစ်ခဲ့သည်။
သို့သော် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မအောင်မြင်သည့် ကျောင်းသားများ Pre -College တစ်နှစ်တက်ရောက်ပြီးပါက မွန်အမျိုးသားကောလိပ် တက်ရောက်နိုင်သည့် အခွင့်အရေးများရှိနေသည်ဟုလည်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် မွန်အမျိုးသားပညာရေးဌာနမှ G-12 ကျောင်းသား၊သူများကို အဆင့်မြင့်ပညာရေးသို့ ပညာဆက်လက်သင်ကြားနိုင်ရန် အစိုးရစစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ (သို့) မွန်အမျိုးသားပညာရေးကော်မတီ စာစစ်ဌာနအဖွဲ့မှ ပြုလုပ်သည့် ဒွါဒဿမတန်းစာမေးပွဲကို ဖြေဆိုရန် စာသင်နှစ်အစမှ ရွေးချယ်ခွင့်ပေးထားကြောင်း သိရသည်။
ထို့ကြောင့် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန် ရွေးချယ်သူနည်းပါးသွားကြောင်းလည်း မွန်အမျိုးသား ကျောင်းတာဝန်ရှိသူများကပြောသည်။
စစ်ကော်မရှင် ပညာရေးဝန်ကြီးဌာန၏ ဇွန်လ ၂၈ ရက်နေ့ထုတ်ပြန်ချက်အရ မွန်ပြည်နယ်၏ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုအောင်မြင်သူ ၅၉၂၄ ဦးရှိပြီး အောင်ချက် ၅၆ ဒဿမ ၁၉ ရာခိုင်နှုန်းရရှိခဲ့ကြောင်း သိရသည်။



