ထိုင်း-မြန်မာနယ်စပ်၊ မြဝတီမြို့တစ်ဝိုက်ရှိ ကျားဖြန့်စခန်းများတွင် နိုင်ငံခြားသား ၅,၃၀၀ ကျော် ပိတ်မိနေဆဲဖြစ်ပြီး အရေးပေါ် ကယ်တင်ပေးရန် ထိုင်းလူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့က တောင်းဆိုလိုက်ကြောင်း သိရသည်။
ထိုင်းလူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ တစ်ဖွဲ့ဖြစ်သည့် CSNHTV သည် ပြီးခဲ့သည့် ဇွန်လ ၂၂ ရက်နေ့က ထိုင်းရဲတပ်ဖွဲ့ထံ အထောက်အထားများနှင့်တကွ တရားဝင်စာပေးပို့ကာ နယ်စပ်တလျှောက် ပိတ်မိနေသည့် နိုင်ငံခြားသားများကို ကယ်ထုတ်ရန် အကြောင်းကြားခဲ့သည်။

CSNHTV အဖွဲ့၏ ထုတ်ပြန်ချက်အရ ကျားဖြန့်စခန်းများတွင် အဓမ္မပိတ်လှောင်ခိုင်း ခံထားရသူ ၅,၃၀၀ ကျော် ရှိနေပြီး ၎င်းတို့ထဲတွင် တရုတ်နိုင်ငံသား ၁,၆၀၀ ၊ မြန်မာနိုင်ငံသား ၂၀၀ နှင့် ထိုင်းနိုင်ငံသား ၂၀ ကျော် ပါဝင်နေကြောင်း ဆိုသည်။
ထို့အပြင် ဖိလစ်ပိုင်၊ ထိုင်ဝမ်၊ မလေးရှား စသည့် အာရှနိုင်ငံသားများသာမက ဘရာဇီး၊ ရုရှား၊ ကင်ညာ၊ ယူဂန်ဒါ၊ ရဝမ်ဒါနှင့် ဇင်ဘာဘွေ၊ ဂါနာ၊ ကင်မရွန်း၊ တန်ဇန်းနီးယား၊ ဆီယာရာလီယွန် နဲ့ နီပေါ အစရှိသည့် နိုင်ငံခြားသားများလည်း ပိတ်မိနေသည်။
အဆိုပါ နိုင်ငံခြားသား အများစုသည် မြဝတီမြို့နယ်အတွင်းရှိ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) ထိန်းချုပ်ရာ နယ်မြေအတွင်းရှိ အဓိက စခန်းကြီး ၄ ခုတွင် ခွဲခြားပိတ်လှောင်ခံထားရသည်။
ပိတ်မိနေသူများသည် အွန်လိုင်းမှတဆင့် ငွေလိမ်လည်သည့် လုပ်ငန်းများကို နေ့ညမပြတ် အဓမ္မစေခိုင်း ခံရပြီး၊ လုပ်ငန်းမအောင်မြင်ပါက ညှဉ်းပန်းနှိပ်စက်ခြင်း၊ အပြင်လောကနှင့် ဆက်သွယ်ပြတ်တောက်ခံရခြင်းများ ကြုံတွေ့နေရသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်တွင် အွန်လိုင်းငွေလိမ်လည်မှုလုပ်ငန်းကို နှိမ်နင်းရန် ထိုင်းနိုင်ငံက ဦးဆောင်၍ ထိုင်းနယ်စပ် မြဝတီမြို့နယ်တလျှောက်ရှိ ကျားဖြန့်စခန်းကြီးများမှ လူပေါင်း ၅,၀၀၀ ဝန်းကျင်ကို ကယ်ထုတ်နိုင်ခဲ့သည်။
သို့သော် DKBA ထိန်းချုပ်ထားသောနယ်မြေအတွင်းရှိ အွန်လိုင်းငွေလိမ်စခန်းများတွင် ပိတ်မိနေသူများကို ကယ်ထုတ်ခြင်းနှင့် နှိမ်နင်းခြင်းများ မလုပ်ဆောင်ရသေးသည့်အတွက် နိုင်ငံခြားသားအများအပြား ဆက်လက်ပိတ်မိနေဆဲဖြစ်သည်။
ထိုင်း- မြန်မာနယ်စပ်တလျှောက်တွင် အွန်လိုင်းငွေလိမ်မှုနှင့် လူကုန်ကူးမှုများကို ဆက်လက်လုပ်ဆောင်နေသောကြောင့် အမေရိကန်နှင့် ဥရောပအပါအဝင် ကမ္ဘာတစ်ဝှမ်းမှ လူပေါင်းများစွာ ဆက်လက်ထိခိုက်နစ်နာနေသည်။
ထို့ကြောင့် တာဝန်ရှိသူများ အရေးတကြီး ညှိနှိုင်းဆောင်ရွက်ပေးရန်လည်း CSNHTV အဖွဲ့က တောင်းဆိုထားသည်။
ကိုးကား-Thai enquirer




