Homeသတင်းမော်လမြိုင်-ရန်ကုန် နေ့ချင်းပြန် ရထားခရီးစဉ် ဇူလိုင် ၁ ရက်နေ့တွင် စတင်ပြေးဆွဲမည်

မော်လမြိုင်-ရန်ကုန် နေ့ချင်းပြန် ရထားခရီးစဉ် ဇူလိုင် ၁ ရက်နေ့တွင် စတင်ပြေးဆွဲမည်

-

မော်လမြိုင်-ရန်ကုန်၊ ရန်ကုန်-မော်လမြိုင် နေ့ချင်းပြန် ရထားခရီးစဉ်များကို လာမည့် ဇူလိုင်လ ၁ ရက်နေ့ကစပြီး ပြေးဆွဲသွားမည်ဟု မော်လမြိုင်ဘူတာကြီး တာဝန်ရှိသူတို့ထံမှ သိရသည်။

မော်လမြိုင်-ရန်ကုန် နေ့ချင်းပြန် ရထားခရီးစဉ်ကို DEMU လူစီးအမြန်ရထားဖြင့် ပြေးဆွဲသွားမည်ဟု ဆိုသည်။

ရန်ကုန်-မော်လမြိုင် အမှတ် ၃၈ အဆန်ရထားကို ရန်ကုန်ဘူတာကြီးမှ နံနက် ၅ နာရီအချိန် စတင်ထွက်ခွာပြီး မော်လမြိုင်ဘူတာသို့ နံနံက် ၁၁ နာရီအချိန်တွင် ဆိုက်ရောက်မည်ဖြစ်သည်။

မော်လမြိုင်-ရန်ကုန် အမှတ် ၈၄ အစုန် ရထားသည် မော်လမြိုင်ဘူတာကြီးမှ မွန်းလွဲ (၁) နာရီအချိန်တွင် ပြန်လည်ထွက်ခွာမည်ဖြစ်ပြီး ရန်ကုန်ဘူတာကြီးသို့ ည (၇) နာရီအချိန်တွင် ဆိုက်ရောက်မည်ဖြစ်သည်။

“ရထားလက်မှတ်ကိုတော့ Online Ticket စနစ်နဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။” ဟု မော်လမြိုင်ဘူတာကြီးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရထားလက်မှတ်များကို မော်လမြိုင်-ရန်ကုန် ရထားခရီးစဉ်အတွက် ၇ ရက်၊ လမ်းခရီးများအတွက် ၅ ရက် ကြိုတင်စနစ်ဖြင့် online ကနေ ဝယ်ယူနိုင်မည်ဖြစ်သည်။

ရထားလက်မှတ်ခနှုန်းထားသည် မော်လမြိုင်-ရန်ကုန် အထက်တန်းတစ်ဦးလျှင် ကျပ် ၂၂၀၀၀ ဖြစ်ပြီး၊ ပထမတန်း တစ်ဦးလျှင် ၁၆၀၀၀ ကျပ် ကျသင့်မည်ဖြစ်သည်ဟု မော်လမြိုင်ဘူတာကြီးက ထုတ်ပြန်ထားသည်။

နေ့ချင်းပြန် ရထားခရီးစဉ်များ ပြေးဆွဲတော့မည်ဖြစ်သည့်အတွက် ရထားလမ်းခရီးကိုသာ အားထားနေရသူများအတွက် ခရီးသွားလာရေး ပိုပြီး အဆင်ပြေစေသည်ဟု ရထားလမ်းခရီးအသုံးပြုသူတို့က ဆိုသည်။

မော်လမြိုင်-ရန်ကုန် နေ့ချင်းပြန် ပြေးဆွဲမည့် DEMU ရထားသည် ရထားတွဲဆိုင်းတွင် အထက်တန်း နှစ်တွဲ၊ ပထမတန်း လေးတွဲပါရှိပြီး အထက်တန်းတွဲတွင် လူ ၇၂ ဦးနှင့် ပထမတန်းတွဲတွင် လူ ၂၄၀ ဦး စီးနင်းလိုက်ပါနိုင်သည်။

မော်လမြိုင်-ရန်ကုန် နေ့ချင်းပြန် ရထားသည် တိုးချောင်ကလေး၊ ပဲခူး၊ ဝေါ၊ သိမ်ဇရပ်၊ ကျိုက်ထို၊ သထုံ နှင့် ပေါင်ဘူတာများတွင် ရပ်နားသွားမည်ဖြစ်ပြီး ပြေးဆွဲချိန် ၆ နာရီသာ ကြာမြင့်မည်ဟု မော်လမြိုင်ဘူတာကြီးက ထုတ်ပြန်ထားသည်။

လက်ရှိ နေ့စဉ် ပြေးဆွဲနေသည့် ရန်ကုန်-မော်လမြိုင် အမှတ် (၈၁) အဆန်ရထားသည် ရန်ကုန်ဘူတာကြီးမှ နံနက် ၇ နာရီခွဲနှင့် မော်လမြိုင်-ရန်ကုန် အမှတ် (၈၂) အစုန်ရထားသည် မော်လမြိုင်ဘူတာကြီးမှ နံနက် ၇ နာရီခွဲတွင် ပြေးဆွဲနေသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,100SubscribersSubscribe

Latest posts