မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ချောင်းစောင့်ကျေးရွာဘက် စစ်ကော်မရှင်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု နှစ်ရက်ဆက်တိုက် ပြုလုပ်ပြီး၊ ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရသည်ဟု ဒေသခံတို့ထံမှ သိရသည်။
ကျိုက်ထိုမြို့နယ်၊ ကျောက်ဖျာကျေးရွာအုပ်စု၊ ချောင်းစောင့်ကျေးရွာဘက်တွင် စစ်ကော်မရှင်တပ်က ဇွန်လ ၁၈ ရက်နှင့် ၁၉ နှစ်ရက်ဆက်တိုက် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။
ထိုလေယာဉ် ဗုံးကြဲ တိုက်ခိုက်မှုအတွင်း ချောင်းစောင့်ကျေးရွာက ကုန်စုံဆိုင်ပိုင်ရှင် အသက် ၃၈ နှစ်အရွယ် စောကျော်တင့် ပွဲချင်းပြီး သေဆုံးပြီး ဇနီးဖြစ်သူ နော်လုလုဖောမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့သည့်အပြင် ကုန်စုံဆိုင်တခုလုံးလည်း မီးလောင်ပျက်စီးခဲ့ရသည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ထားသည်။

ချောင်းစောင့်ကျေးရွာ လေယာဉ် ဗုံးကြဲ တိုက်ခိုက်မှုတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များလည်း ထိခိုက်သေဆုံးမှု ရှိသည်ဟု မြေပြင်သတင်းအရင်းအမြစ်တို့က ဆိုသည်။
၎င်းပြင် မေလ ၁၉ ရက်နေ့တွင်လည်း စစ်ကော်မရှင်တပ်က ချောင်းစောင့်ကျေးရွာဘက် လေယာဉ်ဖြင့် ဗုံးကြဲမှု ထပ်မံပြုလုပ်ခဲ့ကြောင်း သိရသည်။
စစ်ကော်မရှင်တပ်က လေယာဉ်ဖြင့် နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ပြီးနောက် ဒေသခံများ လေကြောင်း အန္တရာယ်ကြောက်ပြီး ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရသည်။
“လေယာဉ် ဗုံးလာကြဲတာကို ကြောက်လို့ ထွက်ပြေးကြတယ်။ ဒီဘက်က ပြေးစရာနေရာက တောဘက်ပဲရှိတော့ တောဘက်ပဲ ပြေးရတာပေါ့ မိုးတွင်းလည်း ဖြစ်နေတော့ အခက်အခဲက မျိုးစုံးပါပဲ” ဟု ဒေသခံတစ်ဦးက ပြောသည်။
ဇွန်လ ၅ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ်အတွင်း အရပ်သားပြည်သူများ နေထိုင်ရာ ကျေးရွာဘက်သို့ စစ်ကော်မရှင် အမှတ် (၄၄) ခြေမြန်တပ်မဌာနချုပ်က ၁၂၀ မမ လက်နက်ကြီး ၄ လုံး ပစ်ခတ်ခဲ့ရာ လက်နက်ကြီးသည် ငှက်ပျောတောကျေးရွာအနီး အရပ်သားပြည်သူများ၏ လုပ်ငန်းခွင်အတွင်း ကျရောက်ပေါက်ကွဲခဲ့သည်။
လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် တဂေးချောင်းဖျားကျေးရွာနေ အသက် ၄၄ နှစ်အရွယ် စောစိန်ကုလားဆိုသူ သေဆုံးသွားခဲ့သည်ဟု KNU ၏ ထုတ်ပြန်ချက်အရ သိရသည်။
KNU က စစ်တပ်သည် အရပ်သားပြည်သူများကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုအပြင် လက်နက်ကြီးဖြင့်ပါ ပစ်ခတ်နေခြင်းကြောင့် အရပ်သား ထိခိုက် သေဆုံးမှု၊ လူနေအိမ်နှင့် ပစ္စည်းဥစ္စာများ ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်နေသည်ဟု ထုတ်ပြန်ထားသည်။





