Homeသတင်းမြန်မာဘက်မှ ပဋိပက္ခကြောင့် မဲဆောက်စာသင်ကျောင်းတစ်ကျောင်း အရေးပေါ်ယာယီပိတ်

မြန်မာဘက်မှ ပဋိပက္ခကြောင့် မဲဆောက်စာသင်ကျောင်းတစ်ကျောင်း အရေးပေါ်ယာယီပိတ်

-

ထိုင်း-မြန်မာနယ်စပ် မြန်မာနိုင်ငံဘက်ခြမ်းတွင် စစ်ကော်မရှင်စစ်တပ်နှင့် ကရင်တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲများ ပြင်းထန်လာနိုင်သည့် အခြေအနေများကြောင့် မဲဆောက်မြို့နယ်ရှိ စာသင်ကျောင်းတစ်ကျောင်းကို ယနေ့တွင် ယာယီပိတ်လိုက်ရကြောင်း Thai PBS မှ ဖော်ပြသည်။

ယာယီပိတ်လိုက်ရသည့် စာသင်ကျောင်းသည် ထိုင်းနိုင်ငံ၊ တာ့ခရိုင်၊ မဲဆောက်မြို့နယ်၊ မဟာဝမ်ကျေးရွာအုပ်စုရှိ ဘန်မယ့်ကိုကင်း (Ban Mae Kon Ken) စာသင်ကျောင်းဖြစ်သည်ဟု သိရသည်။

အင်အား ၂၀၀ ခန့်ရှိသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များသည် မြဝတီမြို့နယ် စစ်ဆင်ရေးအခြေစိုက်စခန်းတစ်ခုတွင် စစ်ကူအင်အား ဖြည့်တင်းထားသည်။

ထိုင်းတာဝန်ရှိသူများက အဆိုပါ စစ်ကူအဖွဲ့သည် ဖလူးဒေသရှိ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များကို တိုက်ခိုက်ရန် ပြင်ဆင်နေကြောင်း ယူဆနေကြသည်။

ထို့ကြောင် ကျောင်းအုပ်ကြီးမှ ပြီးခဲ့သည့်သီတင်းပတ်က စာသင်နှစ်အသစ်စတင်ခဲ့သည့် အဆိုပါကျောင်းကို ကျောင်းသား/သူများနှင့် ဆရာ၊ ဆရာမများ၏ ဘေးကင်းလုံခြုံ‌ရေးအတွက် အရေးပေါ် ပိတ်လိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

ယခုလအစောပိုင်းကလည်း မြန်မာနိုင်ငံဘက်ခြမ်းက တိုက်ပွဲများမှ လွင့်စင်လာသည့် ကျည်ဆန်များသည် စာသင်ကျောင်းဆောင် ပြတင်းပေါက်ကို ထိမှန်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှုအချို့ ရှိခဲ့သည့်အပြင် ကျောင်းဝင်းအတွင်း၌လည်း ကျည်ဆန်ခွံများ တွေ့ရှိခဲ့ဖူးသည်။

ကျောင်းတာဝန်ရှိသူများအနေဖြင့် အခြေအနေများ ပြန်လည်တည်ငြိမ်ပြီး ဘေးကင်းစိတ်ချရသည့်အခြေအနေဖြစ်ပါက ကျောင်းကို ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ပြီး၊ ယခုကျောင်းပိတ်ထားသည့် ရက်အတွက် အစားထိုးစာသင်ရက် အစီအစဉ်များကို ထပ်မံကြေညာပေးသွားမည်ဖြစ်သည်။

မိဘများအနေဖြင့် အစိုးရ၏ သတင်းထုတ်ပြန်ချက်များကို မျက်ခြေမပြတ် စောင့်ကြည့်ပေးရန်နှင့် ကလေးများကို ဘေးကင်းရာတွင်သာ ထားရှိပြီး လူစုလူဝေးရှိသည့် ပြင်ပလှုပ်ရှားမှုများသို့ သွားရောက်ခြင်းကို ရှောင်ကြဉ်ကြရန် တိုက်တွန်းနှိုးဆော်ထားသည်။

ကိုးကား-Thai PBS

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,100SubscribersSubscribe

Latest posts