မွန်ပြည်နယ်တွင် ရွေးကောက်ပွဲ မလုပ်ဆောင်နိုင်ခဲ့သည့် ကျေးရွာအုပ်စုများကို အုပ်ချုပ်ရေးမှုး ရွေးကောက်တင်မြှောက်ခြင်း လုပ်ဆောင်ခွင့်မပြုကြောင်း မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူများက ပြောသည်။
စစ်ကော်မရှင်၏ ၂၀၂၅ ရွေးကောက်ပွဲတွင် မွန်ပြည်နယ်အတွင်း မြို့နယ် ၇ မြို့နယ်မှ ကျေးရွာအုပ်စု ၁၄၀ သည် ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သည့် နယ်မြေများအဖြစ် သတ်မှတ်ထားသည်။
အဆိုပါ ဒေသများ၌ ပြည်သူများကို အုပ်ချုပ်ရေးမှုး ရွေးချယ်တင်မြှောက်ခွင့်မပေးဘဲ ယခင် အုပ်ချုပ်ရေးမှုး၊ ရာအိမ်မှုးများအပြင် ယာယီခန့်အပ်ထားသူများကိုသာ ဆက်လက်တာဝန်ပေးထားကြောင်း ဒေသခံများက ပြောသည်။

ရေးဒေသခံ အမျိုးသားတစ်ဦးက “သူတို့က ပြည်သူ့ဆန္ဒကို အမြဲပြောပေမယ့် တကယ်တမ်းကျတော့ ပြည်သူတွေကို ရွေးချယ်ခွင့်မပေးဘူး။ ကျနော်တို့လည်း အုပ်ချုပ်ရေးမှုးအသစ်တွေ၊ အခွင့်အလမ်းအသစ်တွေ ရချင်တာပေါ့။ ” ဟု ပြောသည်။
ယခု ဇွန်လနှင့် ဇူလိုင်လအတွင်း အုပ်ချုပ်ရေးမှုးရွေးချယ်ပွဲ လုပ်ဆောင်လျက်ရှိပြီး ရေးတွင် တစ်မြို့နယ်လုံးအတိုင်းအတာဖြင့် အစိုးရရွာတစ်ရွာသာ အုပ်ချုပ်ရေးမှုး ရွေးကောက်တင်မြှောက်ခြင်း ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။
ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့သည့် ဒေသများအပါအဝင် ကျေးရွာနှင့် ရပ်ကွက်အားလုံးတွင် အုပ်ချုပ်ရေးမှုးများကို ပြည်သူများကိုယ်တိုင် ရွေးချယ်တင်မြှောက်ခွင့်ပေးရန် ဒေသခံများက တောင်းဆိုနေကြသည်။
“အုပ်ချုပ်ရေးမှုးဆိုတာ ဒေသခံတွေနဲ့ တိုက်ရိုက်ဆက်စပ်တဲ့ တာဝန်ရှိသူဖြစ်လို့ ပြည်သူတွေ ရွေးချယ်ခွင့်ရဖို့ လိုပါတယ်။ အခုက သူတို့ထိန်းချုပ်နိုင်တဲ့ နေရာတွေကိုပဲ ပေးရွေးခိုင်းတယ်။ သူတို့မထိန်းချုပ်နိုင်တဲ့ နေရာတွေမှာတော့ သူတို့လူတွေကိုပဲ ဆက်အုပ်ချုပ်ခိုင်းနေတယ်” ဟု ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေအရ အုပ်ချုပ်ရေးမှုးများကို သက်ဆိုင်ရာ ဒေသခံပြည်သူများ၏ သဘောထားဖြင့် ရွေးချယ်တင်မြှောက်ရမည်ဟု ပြဋ္ဌာန်းထားသော်လည်း စစ်အာဏာသိမ်းနောက်ပိုင်း ယင်းလုပ်ငန်းစဉ်များကို အပြည့်အအကောင်အထည်ဖော်ခွင့် မရခဲ့ပေ။
ပြီးခဲ့သည့် ဇွန် ၁၆ ရက်က ကျင်းပသည့် မွန်ပြည်နယ်လွှတ်တော် အစည်းအဝေးတွင်လည်း အုပ်ချုပ်ရေးမှုးရွေးချယ်ရေးနှင့် ပတ်သက်၍ မေးခွန်းထုတ်ခဲ့ကြပြီး သက်ဆိုင်ရာတာဝန်ရှိသူများက ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သော်လည်း ရွေးချယ်ရေးလုပ်ငန်းစဉ်နှင့် အချိန်ဇယားကို ထုတ်ဖော်ပြောဆိုခြင်း မရှိကြောင်း သိရသည်။
ဒေသခံများက အုပ်ချုပ်ရေးမှုးရွေးချယ်ခွင့်သည် ပြည်သူများ၏ အခြေခံပါဝင်ခွင့်နှင့် သက်ဆိုင်သည့် အခွင့်အရေးတစ်ရပ်ဖြစ်သဖြင့် မွန်ပြည်နယ်အတွင်းရှိ ဒေသအားလုံးတွင် တန်းတူညီမျှ ကျင့်သုံးပေးရန် လိုအပ်ကြောင်း တောင်းဆိုထားသည်။
စစ်မှုထမ်းကိစ္စ ဖိအားများကြား ဒေသခံများ၏ မကျေနပ်မှု ကြုံတွေ့ရသည့်အပြင် လုံခြုံရေးအန္တရာယ် ခြိမ်းခြောက်ခံနေရသဖြင့် မွန်တွင် ရာအိမ်မှုး၊ အုပ်ချုပ်ရေးမှုး ဝင်အရွေးခံသူနည်းပါးကြောင်းလည်း သိရသည်။



