Homeသတင်းတိုက်ပွဲမရှိသော်လည်း လေကြောင်းဗုံးကြဲမှုများကြောင့် ရေးချောင်းဖျားဒေသခံများ လုံခြုံရေးထိခိုက်လာ

တိုက်ပွဲမရှိသော်လည်း လေကြောင်းဗုံးကြဲမှုများကြောင့် ရေးချောင်းဖျားဒေသခံများ လုံခြုံရေးထိခိုက်လာ

-

မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေဖြစ်သည့် ရေးချောင်းဖျားဒေသတွင် ထိတွေ့တိုက်ပွဲများ မရှိသော်လည်း စစ်ကော်မရှင်က မကြာခဏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်နေသည့်အတွက် နေထိုင်သွားလာရေး လုံခြုံမှု မရှိတော့ကြောင်း ဒေသခံများက ပြောသည်။

 မေလကုန်ပိုင်းမှစ၍ အဆိုပါဒေသအတွင်း လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ် ခံခဲ့ရပြီး ယနေ့အထိ ကင်းထောက်လေယာဉ်များလည်း ဆက်လက် လှည့်ပတ်ပျံသန်းနေသဖြင့် စစ်ဘေးရှောင်နေသူများ တိုးလာနေကြောင်း သိရသည်။

ထို့ကြောင့် မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေအတွင်း နေထိုင်သော်လည်း စစ်ကော်မရှင်က အချိန်မရွေး လေကြောင်းမှ လာရောက်တိုက်ခိုက်နေသည့်အတွက် နေထိုင်သွားလာရေး လုံခြုံမှု မရှိတော့ကြောင်း ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ဒီဘက်မှာတော့ နေထိုင်ဖို့ သိပ်မလုံခြုံတော့ဘူးလို့ ထင်တယ်။ အချိန်မရွေး လာကြဲနေတာဆိုတော့ ကြောက်နေရတယ်။ အခုနောက်ပိုင်း လေယာဉ်တွေကလည်း အရင်လို မဟုတ်တော့ဘူး။ အသံမကြားရခင် ဗုံးကျသွားပြီးမှ လေယာဉ်သံကို ကြားရတာမျိုး ဖြစ်နေတယ်။ အဲကြောင့် ညပိုင်းဆို အများစုကတော့ မအိပ်ရဲကြဘူး” ဟု ၎င်းက ပြောသည်။

လေကြောင်းတိုက်ခိုက်မှုကို အနီးကပ် ကြုံတွေ့ခဲ့ရသည့် ကမွန်းနှင့် ချောင်းနှစ်ခွရွာမှ ဒေသခံများသည် ဘေးလွတ်ရာသို့ တိမ်းရှောင်ခိုလှုံနေကြဆဲဖြစ်သည်။

တိမ်းရှောင်ခြင်း မပြုလုပ်ဆောင်နိုင်သေးသည့် ဒေသခံများအနေဖြင့် လေကြောင်းတိုက်ခိုက်မှုမဖြစ်မီ အချိန်မီ ထွက်ပြေးတိမ်းရှောင်နိုင်ရန် အဝတ်အစားများနှင့် စားနပ်ရိက္ခာများကို ကြိုတင်ပြင်ဆင်ထားကြကြောင်း အခြား ရေးချောင်းဖျားဒေသခံတစ်ဦးက ပြောသည်။

“ မတိမ်းရှောင်ကြသေးပေမယ့် သတိထားပြီး နေထိုင်နေရတယ်။ လေယာဉ်တွေ ထပ်လာပစ်နိုင်သေးတယ်ဆိုတဲ့ သတင်းတွေ ကြားနေရတော့ ထွက်ပြေးနေတဲ့သူတွေကလည်း မပြန်ရဲသလို ရွာမှာကျန်နေတဲ့သူတွေကလည်း စိုးရိမ်ကြောက်လန့်နေကြတယ် ” ဟု ၎င်းက ပြောသည်။

နီးပွန်ဖောင်ဒေးရှင်းနေအိမ်များ လေကြောင်းတိုက်ခိုက်မခံရမီ  မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေအတွင်းရှိ ကျေးရွာများမှ ဘုန်းကြီးကျောင်းများ၊ ဆွေမျိုးအိမ်များနှင့် ဥယျာဉ်ခြံများတွင် လာရောက်တိမ်းရှောင် ခိုလှုံနေထိုင်သူ ၇၀၀ ထက်မနည်းရှိရာမှ လက်ရှိတွင် ၁၀၀၀ ကျော်ရှိလာသည်ဟု နီးစပ်သူများက ပြောသည်။

အဆိုပါနေရာများတွင် တိမ်းရှောင်ခိုလှုံနေသည့် စစ်ဘေးရှောင်ပြည်သူများသည် စားနပ်ရိက္ခာ၊ အမိုးအကာနှင့် ဆေးဝါးပစ္စည်းများ အရေးပေါ်လိုအပ်လျှက်ရှိသည်။

မြန်မာပြည်တောင်ပိုင်းတွင် အကြီးစားစစ်ဆင်ရေးနှင့် နှစ်ဖက်ထိတွေ့တိုက်ပွဲများ လျော့နည်းသော်လည်း အရပ်သားပြည်သူများ ဘေးကင်းလုံခြုံမှုမရှိဘဲ လက်ရှိတွင် လေကြောင်းအန္တရာယ် စိုးရိမ်မှုအမြင့်တက်ဆုံးအခြေအနေဖြစ်နေကြောင်းလည်း မြန်မာပြည်တောင်ပိုင်း လူသားချင်းစာနာထောက်ထားမှုကွန်ရက်မှ ထောက်ပြထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,100SubscribersSubscribe

Latest posts