မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ချောင်းစောင့်ကျေးရွာထဲကို စစ်ကော်မရှင်တပ် ယမန်နေ့က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့များအပါအဝင် လူထိခိုက်သေဆုံးမှု ရှိခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။
စစ်တပ်က ကျိုက်ထိုမြို့နယ်၊ ချောင်းစောင့်ကျေးရွာထဲကို ယမန်နေ့ ဇွန်လ ၁၈ ရက်နေ့ နေ့လည် ၁ နာရီအချိန်ခန့်က ဂျက်ဖိုက်တာလေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးများ ကြဲချတိုက်ခိုက်ခဲ့ရာ စျေးဆိုင်တဆိုင်ပေါ် ကျရောက်ပေါက်ကွဲခဲ့သည်။
စစ်ကော်မရှင်တပ် လေယာဉ် ဗုံးကြဲတိုက်ခိုက်ခဲ့သည့် စျေးဆိုင်တွင် တော်လှန်ရေးတပ်ဖွဲ့များ ခတ္တအနားယူနေချိန်ဖြစ်ပြီး ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များအပြင် ဆိုင်ရှင်နှင့် စျေးဝယ်သူအချို့လည်း ထိခိုက်သေဆုံးမှု ရှိခဲ့သည်။
ဒေသခံတို့၏ အဆိုအရ ချောင်းစောင့်ရွာထဲ လေယာဉ်ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်နှင့် အရပ်သား ၄ ဦး သေဆုံးကြောင်း ကနဦး သိရပြီး အသေးစိတ်အချက်အလက်များကို စုံစမ်းနေဆဲဖြစ်သည်။

“လောလောဆယ် သိရတာက သေဆုံးသွားတဲ့အထဲမှာ တော်လှန်ရေးတပ်ဖွဲ့တွေလည်း ပါတယ်။ ဒေသခံတွေလည်း ပါတယ်။ စာရင်းအတိအကျတော့ မသိသေးဘူး။ ဒဏ်ရာရတာလည်း ရှိတယ်။” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ရွာအတွင်း လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် ဒေသခံများ စိုးရိမ်ထိန့်လန့်ပြီး ရွာထဲတွင် မနေရဲကြတော့ပဲ ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်သွားကြသည်ဟု သိရသည်။
ကျိုက်ထိုမြို့နယ်အတွင်း အရပ်သားပြည်သူများ နေထိုင်ရာ ကျေးရွာများဘက်ကို စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးနေသည့်အပြင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများ မကြာခဏပြုလုပ်လေ့ရှိသည်။
စစ်ကော်မရှင်တပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများကြောင်း သောင်းနှင့်ချီသည့် ကျိုက်ထိုဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရသည်။



