အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီ (NSPNC) နှင့် စစ်တပ်နှင့် နီးစပ်သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့ ဆက်တိုက် တွေ့ဆုံနေသည်။
ရှမ်းနီအမျိုးသားတပ်မတော် SNA၊ စစ်တပ်နှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် 7 EAO Alliance နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တို့ ဇွန်လအတွင်း တစ်ဖွဲ့ချင်းအလိုက် တွေ့ဆုံမှုများရှိခဲ့သည်။
SNA အဖွဲ့နှင့် ဇွန်လ ၄ ရက်နေ့ တွေ့ဆုံချိန်တွင် မြန်မာစစ်တပ်နှင့် စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုများ ဆွေးနွေးခဲ့ပြီး ရှမ်းနီကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သတ်မှတ်ပေးရေး တောင်းဆိုခဲ့ကြောင်း NSPNC က ထုတ်ပြန်ထားသည်။

၎င်းပြင် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်(DKBA)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး(LDU) နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) တို့ဖြင့် ဖွဲ့စည်းထားသည့် 7 EAO Alliance နှင့် ဇွန်လ ၉ ရက်နှင့် ၁၀ ရက်နေ့တို့တွင် တွေ့ဆုံခဲ့သည်။
တွေ့ဆုံမှုတွင် ယခင် NCA သဘောတူညီချက်ပါ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရေး ဆွေးနွေးခဲ့ကြောင်း 7 EAO သတင်းရင်းမြစ်က ပြောသည်။
“အရင်က ကျွန်တော်တို့နဲ့ NSPNC ကြားမှာ သဘောတူထားတဲ့ အချက်တွေရှိတယ်။ ဒါတွေကို အကောင်အထည်ဖော်မယ်ပေါ့။ ဒါပေမယ့် ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် ကျွန်တော်တို့ချည်းပဲ ဒီငြိမ်းချမ်းရေးက အကောင်အထည်ဖော်လို့မရဘူး။ အားလုံးပါဝင်နိုင်ဖို့ ကြိုးစားရမှာပါ။ ဒီနေရာမှာ တပ်ဘက်ကရော နှစ်ဘက်လုံးက ကိုယ့်ရဲ့ အာဂျန်ဒါတွေကိုပဲ ဆုပ်ကိုင်ထားပြီး ဆွေးနွေးလို့တော့ မရနိုင်ပါဘူး” ဟု 7 EAO သတင်းရင်းမြစ်ကပြောသည်။
တဆက်တည်း ဇွန်လ ၁၂ ရက်နေ့တွင် SSPP နှင့် တွေ့ဆုံခဲ့ပြီး အဓိက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပြန်လည်သုံးသပ်ခြင်း၊ NCA မှ ထွက်ခွာသွားသည့်အဖွဲ့အစည်းများ ပြန်လည်ပါဝင်လာရေးနှင့် NCA တွင် မပါဝင်နိုင်သေးသောအဖွဲ့များနှင့် ငြိမ်းချမ်းရေး လက်တွဲလုပ်ဆောင်နိုင်ရေး ဆွေးနွေးခဲ့ကြသည်။
IMNA ၏ မေးမြန်းချက်အရ လာမည့် ဇွန်လ ၁၈ ရက်နေ့တွင် NSPNC နှင့် UWSA၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA (မိုင်းလား) အဖွဲ့တို့နှင့်လည်း တွေ့ဆုံရန်ရှိကြောင်း UWSA သတင်းရင်းမြစ်ထံမှ သိရသည်။
“ဒီအဖွဲ့တွေနဲ့ပဲ တောက်လျှောက် ၅ နှစ်မကတော့ဘူး ဆွေးနွေးလာတာ၊ ဘာငြိမ်းချမ်းရေး ရလို့လဲ။ အပစ်အခတ်ရပ်တယ်လို့ပြောရရင်တောင် အရင်ထဲက ကျည်ပေါက်နေတဲ့အဖွဲ့တွေမဟုတ်ဘူး။ ဝနဲ့ မိုင်းလားက အပစ်ရပ်တာ နှစ်ပေါင်း ၃၀ ကျော်ပြီ။ အခု မြန်မာ့အကြပ်အတည်းက ဒီလောက်နဲ့မဖြစ်တော့ဘူး။” ဟု နိုင်ငံရေး၊ စစ်ရေး လေ့လာသုံးသပ်သူတစ်ဦးက ပြောသည်။
လက်ရှိတွင် ကချင်လွတ်မြောက်ရေးတပ်မတော် KIA ၊ အာရက္ခတပ်တော် AA နှင့် နွေဦးတော်လှန်ရေး အင်အားစုများက စစ်တပ်နှင့် လက်နက်ကိုင်တိုက်ပွဲများ ဆက်ရှိနေသည်။



