Homeသတင်းကျွမ်းကျင်လုပ်သားများကိုသာ ဦးစားပေးလာသည့် ငွေလိမ်ဂိုဏ်းများ

ကျွမ်းကျင်လုပ်သားများကိုသာ ဦးစားပေးလာသည့် ငွေလိမ်ဂိုဏ်းများ

-

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီဒေသအခြေစိုက် အွန်လိုင်းငွေလိမ်လုပ်ငန်းများ၏ ၂၀၂၆ ခုနှစ်နောက်ပိုင်း အလုပ်ခေါ်စာများတွင် အတွေ့အကြုံရှိသူများကို ဦးစားပေးမည်ဟု ပါဝင်လာသည်ကို သတိပြုမိသည်။

ယခင်က အဆိုပါလုပ်ငန်းများသည် လူကုန်ကူးခံရသူများ၊ အလိုမတူ၍ ညှဉ်းပန်းနှိပ်စက်ပြီးမှ ခိုင်းစေမှုများကြောင့် နာမည်ကြီးသည့် ငရဲခန်းများ ဖြစ်ခဲ့သည်။

သို့သော်လည်း ၂၀၂၆ တွင် အခြေအနေများ ပြောင်းလဲသွားသည်။ IMNA က အလုပ်ခေါ်စာနှင့်ပတ်သက်ပြီး ဆက်သွယ်စုံစမ်းခဲ့ရာ “အတွေ့အကြုံမရှိရင် လုပ်ငန်းပိုင်းမှာ နှောင့်နှေးလို့ပါ။ အရင်က လုပ်ဖူးတဲ့သူမှ အဆင်ပြေပါမယ်”ဟု ပြန်လည်တုံ့ပြန်ခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းမှာ ကျားဖြန့်လုပ်ငန်းတွေ ကြီးထွားလာပြီး မြန်မာလူငယ်တွေ ကျားဖြန့်လုပ်ငန်းတွေမှာ အလိုတူ ဝင်ရောက်လုပ်ကိုင်မှုများ ရှိလာသည်။ မြန်မာပြည်တွင်း၌သာ မကဘဲ ကမ္ဘောဒီးယားနှင့် လာအိုကဲ့သို့သော နိုင်ငံရပ်ခြားအခြေစိုက် အွန်လိုင်းငွေလိမ်ဂိုဏ်းများအထိပါ မြန်မာလူငယ်များ သွားရောက်လုပ်ကိုင်ခဲ့ကြသည်။

ရွှေကုက္ကိုရှိ ကျားဖြန့်လုပ်ငန်းခွင်တွင် သွားရောက်လုပ်ကိုင်ခဲ့သည့် ကချင်လူငယ်တစ်ဦး “ကျောင်းရက်ရှည်ပိတ်ပြီဆို ၂ လလောက် အဲ့လို သွားလုပ်ဖူးတယ်။ ပြီးရင် ပြန်လာတယ်။ လုပ်ချင်လို့လုပ်တာဆိုတော့ နှိပ်စက်တာတွေ မရှိဘူးလေ။ တားဂဒ်မပြည့်ရင်တော့ လစာမပေးတာမျိုးရှိတယ်။ ပြန်ချင်ရင်လည်း ပြန်လို့ရတယ်။ သူတို့က လမ်းစရိတ်လည်း ပေးခေါ်တယ်။ သိတယ် ငွေလိမ်တဲ့အလုပ်ဆိုတာ၊ ငွေအရမ်းရလို့ သွားလုပ်လိုက်တာ ဟုတ်တယ်” ဟု ၎င်း၏ အတွေ့အကြုံကို ပြောပြသည်။

ငွေလိမ်ဂိုဏ်းများတွင် အခြေခံလစာအဖြစ် မြန်မာငွေ သိန်း ၂၀ ခန့် ဘတ်ငွေ ၁၅၀၀၀ ခန့် အခြေခံလစာပေးသည့် အလုပ်ခေါ်စာများတွင် တွေ့ရသည်။ လုပ်ငန်း၏ သဘောအရ အလုပ်ဝင်ပြီး ပထမ ၂ လအတွင်း ပမာဏ မည်မျှ လိမ်နိုင်ရမည်ဟု သတ်မှတ်ချက်မရှိသော်လည်း နောက်ပိုင်းလများတွင် သတ်မှတ်ချက်များ ရှိကြောင်း သိရသည်။

ကရင်အမျိုးသားတပ်မတော် (KNA) နှင့် နီးစပ်သူတစ်ဦးက “အခုနောက်ပိုင်း ဒီအလုပ်တွေမှာ လူရိုက်ခွင့်မပြုထားဘူး။ အရင်ကလို လုပ်လို့မရတော့ဘူး။ အခုက ခိုးလုပ်ရတဲ့အခြေအနေလို့တောင် ပြောလို့ရတယ်။ အပြင်လူတွေ အရမ်းပါရင် သိပ်အဆင်မပြေဘူး သတင်းထပေါက်လို့ထင်တယ်။”ဟု ဆိုသည်။

၂၀၂၆ ခုနှစ် မေလ ၂၈ ရက်နေ့မှ စတင်ကာ ရွှေကုက္ကိုမြို့မှ ကျားဖြန့်လုပ်ငန်းလုပ်ကိုင်ခဲ့သည့် အဆောက်အအုံများကို စစ်တပ်က ဝင်ရောက် ဖြိုချနေသည့်အတွက် လုပ်ငန်းခွင်အသစ်များကို ခပ်စိပ်စိပ်ပြောင်းရွှေ့လာရကြောင်း စုံစမ်းသိရှိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts