ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကော့လှိုက်ကျွန်းအနီး ဒေသခံများ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်နေသည့် သံလွင်မြစ်အတွင်း စစ်ကော်မရှင်အဖွဲ့မှ တိုက်ရေယာဉ်များဖြင့် ဇွန်လ ၁၀ ရက်နေ့တွင် လက်နက်ကြီးစမ်းသပ်ပစ်ခတ်သွားရန်ရှိကြောင်း အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ဒေသခံများထံ အသိပေးပြောဆိုထားသည်။
လက်နက်ကြီးစမ်းသပ်ပစ်ခတ်မည့် အစီအစဉ်ကို ဇွန်လ ၁၀ ရက်နေ့တွင် မောရဝတီရေတပ်စစ်ဌာနချုပ်၊ အမှတ် (၄၆) စစ်ရေယာဉ်စု ကွပ်ကဲမှုအောက်ရှိ မြစ်တွင်းတိုက်ရေယာဉ်များက ပြုလုပ်သွားမည်ဖြစ်သည်ဟု သိရသည်။

“အဲဒီနေရာက ရေယာဉ်နဲ့ လက်နက်ကြီး စမ်းသပ်ပစ်ခတ်တာက အခု ပထမဆုံးအကြိမ်ပဲ။ ဒီနေရာကို တစ်ခါမှ မလုပ်ဖူးဘူး။ ဟိုအရင်နှစ်တွေဆို ကုလားဂုတ်ကျွန်းဘက်မှာ၊ ကျိုက်ခမီဘက်မှာပဲ ဒီလိုမျိုး ပစ်ခတ်လေ့ကျင့်တာက များတယ်။ အခုက ပစ်ခတ်သံကြားနိုင်တဲ့ ကျေးရွာတွေကို သူတို့ ပစ်ခတ်လေ့ကျင့်ရင် မကြောက်ကြဖို့ သတိပေးစာ ပို့ထားတာ ရှိတယ်” ဟု ဘားအံဒေသခံတစ်ဦးက ပြောသည်။
ထို့ကြောင့် လူနှင့်ငါးဖမ်းရေယာဉ်များ၊ လှေငယ်များ ဝင်ရောက်မှု မရှိစေရေး၊ မလိုလားသည့် ပြဿနာများ မဖြစ်ပေါ်စေရေးအတွက် ကော့လှိုက်ကျွန်းနှင့် ဧရိယာ ၃ မိုင်အကွာ ပြင်ပတွင်သာ သွားလာခြင်းများ ပြုလုပ်ကြပါရန်လည်း အသိပေးထားသည်။
ဒေသခံများ ငါးဖမ်းလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုလုပ်ရာနေရာများ၊ လူနေထိုင်ရာကျေးရွာအနီးတွင် တိုက်ရေယာဉ်မှ ပစ်ခတ်စမ်းသပ်သည့် အစီအစဉ်ကို မလုပ်ဆောင်သင့်ကြောင်း၊ ရေတွင်းသယံဇာတများနှင့် သဘာဝပတ်ဝန်းကျင်များ ထိခိုက်သွားမည်ကို စိုးရိမ်ကြောင်း ဒေသခံများက ပြောသည်။
“အမှန်ဆိုရင် လူနဲ့ဝေးတဲ့ ပစ်ခတ်စမ်းသပ်လို့ရတဲ့ နေရာတွေ အများကြီးပါ။ အခုလို လုပ်တာကလည်း ရွာခံတွေက မပေးလုပ်စေချင်ကြဘူး။ ဘာလို့လဲဆိုတော့ အဲဒီသံလွင်မြစ်အနီးမှာ ရှိတဲ့ ရွာတွေက အများစုကတော့ ငါးဖမ်းတဲ့လုပ်ငန်းနဲ့ပဲ အသက်မွေးဝမ်းကျောင်းပြုနေတာလေ။ အဲလိုမျိုး ဒေသခံတွေ ငါးတွေ၊ ပုဇွန်တွေ ရှာတဲ့နေရာမှာလုပ်တော့၊ ရေတွင်းသယံဇာတတွေ မနေကြတော့မှာကို စိုးရိမ်တယ်” ဟု အထက်ပါ အမျိုးသားက ပြောသည်။
လက်ရှိတွင် ဘားအံမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ကော့လှိုက်ကျွန်းအနီးရှိ ထုံးအိုင်ကျေးရွာ၊ ကော့ဂွန်းကျေးရွာ၊ ကော့လှိုက်ကျေးရွာနှင့် နှစ်ခြားကျေးရွာ အုပ်ချုပ်ရေးမှူးများကို သတိပေးစာ ပေးပို့ထားပြီး ဖြစ်ကြောင်း ဆိုသည်။
စစ်အာဏာမသိမ်းခင်ကလည်း ဂျိုင်းမြစ်ဝှမ်းဒေသတွင် မောရဝတီရေတပ်မှ ပြုလုပ်ခဲ့သည့် လက်နက်ကြီးစမ်းသပ်ပစ်ခတ်မှုများကြောင့် ရေထွက်သယံဇာတများ သိသိသာသာ လျော့နည်းသွားခဲ့သည်ဟု ဂျိုင်းမြစ်ဒေသခံတစ်ဦးက ပြောသည်။
“ဟိုအာဏာမသိမ်းခင်ကဆို ဂျိုင်းမြစ်မှာက သူတို့မကြာခဏ အဲလိုစမ်းသပ်ပစ်ခတ်တယ်။ တစ်ခါလုပ်ရင် အသံတအားထွက်တဲ့ လက်နက်ကြီး ၁၀ လုံးအထက် ထုတ်ပစ်တယ်။ စစ်အာဏာသိမ်းတော့ တိတ်သွားတယ်။ အခု နေရာပြောင်းပြီး ထပ်လုပ်ပြန်ပြီ” ဟု ၎င်းက ပြောသည်။
ယခု ပြုလုပ်မည့် တိုက်ရေယာဉ်မှ လက်နက်ကြီး ပစ်ခတ်စမ်းသပ်သည့် အစီအစဉ်တွင် ရေပြင်ပစ်မှတ်ကိုသာ လုပ်ဆောင်သွားမည်ဟု ဆိုထားသော်လည်း ပစ်ခတ်မည့် လက်နက်ကြီးအကြိမ်ရေကို မပြောဆိုထားသဖြင့် အလွန်အကျွံ ပစ်ခတ်မှုလုပ်ဆောင်မည်ကို ဒေသခံများ စိုးရိမ်နေကြသည်။



