Homeသတင်းTNLA အနေဖြင့် ကောင်းတပ်ရွာဖြစ်စဉ်တွင် နစ်နာသူများကို လျော်ကြေးပေးရန် တအာင်းအရပ်ဘက်အဖွဲ့များ တောင်းဆို

TNLA အနေဖြင့် ကောင်းတပ်ရွာဖြစ်စဉ်တွင် နစ်နာသူများကို လျော်ကြေးပေးရန် တအာင်းအရပ်ဘက်အဖွဲ့များ တောင်းဆို

-

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာ ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် နစ်နာခဲ့ရသည့် ပြည်သူများကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) အနေဖြင့် လျော်ကြေးငွေ ပေးအပ်ရန် တအာင်းအရပ်ဘက်အဖွဲ့အစည်းများက တောင်းဆိုခဲ့သည်။

ပြီးခဲ့သည့် မေလ ၃၁ ရက်က ကောင်းတပ်ရွာတွင် ဖြစ်ပွားခဲ့သော TNLA ၏ ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုများနှင့် နေအိမ်ပျက်စီးမှုများ အမြောက်အမြား ဖြစ်ပွားခဲ့သည်။

တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) မှ ပြောရေးဆိုခွင့်ရှိသူက “ကောင်းတပ်ရွာ ဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ တောင်းဆိုချက် နှစ်ချက်တော့ တောင်းဆိုချင်တယ်။ ပထမတစ်ချက်ကတော့ ဖြစ်သွားတဲ့ နယ်မြေက TNLA အုပ်ချုပ်တဲ့ နယ်မြေဖြစ်တဲ့အတွက်ကြောင့်မို့လို့ TNLA အနေနဲ့ အခုဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ လူထုအပေါ်မှာ ပံ့ပိုးကူညီပေးဖို့အတွက် ဒဲ့ပြောမယ်ဆိုရင် လျော်ကြေးကိစ္စပေါ့။ လျော်ကြေးပံ့ပိုးမှုတွေ လူထုကို ဘယ်လို ပံ့ပိုးပေးမလဲဆိုတဲ့ဟာတွေကတော့ ချပြဖို့ လိုအပ်တယ်ပေါ့နော်” ဟု ပြောသည်။

ထို့အတူ ပြန်လည်ထူထောင်ရေးကိစ္စရပ်များကို ပွင့်ပွင့်လင်းလင်း ချပြသင့်ကြောင်း၊ ကောင်းတပ်ရွာ ပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်၍ အမှန်တရားကို ထုတ်ပြန်ရန်နှင့် ဥပဒေအရ စုံစမ်းစစ်ဆေး၍ အရေးယူမှုကိစ္စရပ်များကိုလည်း TNLA အနေဖြင့် ဖြေရှင်းစေလိုကြောင်း ၎င်းက ဆက်ပြောသည်။

အဆိုပါ ကိစ္စရပ်နှင့်ပတ်သက်၍ TNLA ၏ သဘောထားကို သိရှိနိုင်ရန် ပြန်ကြားရေးတာဝန်ခံ လွေးယေဦးကို ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရသေးပေ။

ကောင်းတပ်ရွာ ယမ်းသိုလှောင်ရုံပေါက်ကွဲမှုကြောင့် ဇွန်လ ၁ ရက်နေ့စာရင်းအရ သေဆုံးသူ ၅၅ ဦး ရှိခဲ့ပြီး၊ ၎င်းတို့အနက် ကလေးအပါအဝင် အမျိုးသား ၃၀ ဦးနှင့် အမျိုးသမီး ၂၅ ဦး ပါဝင်ကာ ထိခိုက်ဒဏ်ရာရရှိသူ ၈၀ ကျော်အထိ ရှိနေသည်ဟု TWO က ဆိုသည်။

လက်ရှိတွင် ပေါက်ကွဲမှုဖြစ်ပွားရာနေရာများကို TNLA က ရှင်းလင်းရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေဆဲဖြစ်သလို၊ တအာင်းပြည်ကောင်စီနှင့် ဒေသတွင်း ပရဟိတအဖွဲ့များက ပြည်တွင်း၊ ပြည်ပ အလှူငွေများဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ပေးနေသည်ဟု ကောင်းတပ်ရွာခံ အမျိုးသမီးတစ်ဦးက ဆိုသည်။

“အခု လောလောဆယ် အစားအသောက်တွေကို အဓိကထားပြီး လာလှူတာက များတယ်။ အဝတ်အစား လှူတဲ့လူတွေလည်း ရှိတယ်။ ဒါပေမဲ့ လူဦးရေများတော့ လုံလောက်မှုတော့ မရှိနေဘူး။ တအာင်းပြည်ကောင်စီကလည်း ကယ်ဆယ်ရေးလုပ်ငန်းနဲ့ ပြန်လည်ထူထောင်ရေး ကြိုးစားနေပါတယ်။ ပရဟိတဘက်ကလည်း ကျေးရွာဘက်မှာ အလှူခံပြီး လာလှူတယ်။ ပြည်ပမှာ လုပ်ကိုင်နေတဲ့ လူတွေလည်း အလှူငွေ ထည့်ပေးနေကြတယ်။ ဒါပေမဲ့ ပြန်လည်ထူထောင်နိုင်ဖို့ တအားလုပ်ရမယ်။ မိုးတွင်းကာလဆိုတော့ အမိုးအကာတွေလည်း တအားလိုအပ်နေတယ်” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

ယမ်းသိုလှောင်ရုံပေါက်ကွဲမှုကြောင့် သေဆုံးသူများထဲတွင် တရုတ်ပညာရှင်များနှင့် တရုတ်စကားပြန်များ ပါဝင်ကြောင်း ဒေသခံများက ပြောကြားခဲ့သော်လည်း IMNA အနေဖြင့် သီးခြား အတည်မပြုနိုင်သေးပေ။

လက်ရှိတွင် ကောင်းတပ်ရွာ ဒေသခံများကို အရပ်ဘက်အဖွဲ့အစည်းများက အရေးပေါ်အကူအညီများသာ ကူညီနိုင်သေးပြီး၊ မိုးရာသီကာလဖြစ်သည့်အတွက် နေရာချထားရေးအပိုင်း ခက်ခဲနေကြကြောင်း သိရသည်။

နိုင်ငံတကာအဖွဲ့အစည်းများနှင့် နိုင်ငံတကာသံရုံးများ အနေဖြင့်လည်း လက်ရှိ ကောင်းတပ်ရွာ ပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီးမှု ကြီးမားသည့်အတွက် ပြန်လည်ထူထောင်ရေးနှင့် ကူညီကယ်ဆယ်ရေးကိစ္စရပ်များတွင် လိုအပ်သည့် အကူအညီများ ပေးအပ်ရန် တအာင်းအရပ်ဘက်အဖွဲ့အစည်းများက တောင်းဆိုထားသည်။

ဓာတ်ပုံ – TWO

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts