မွန်ပြည်သစ်ပါတီ NMSP-AD ရဲဘော်အပါအဝင် တော်လှန်ရေးရဲဘော် ၈ ဦးတို့ အရှေ့တောင်တိုင်းစစ် ဌာနချူပ်တွင် အလင်းဝင်သည့် စစ်ကော်မရှင်၏ ထုတ်ပြန်ချက်သည် ဝါဒဖြန့်ခြင်းသာဖြစ်ပြီး မြေပြင်တွင် အလင်းဝင်သူမရှိကြောင်း မွန်ပြည်သစ်ပါတီ NMSP-AD က ပြောသည်။
မွန်ပြည်သစ်ပါတီ NMSP-AD၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF မှ စုစုပေါင်းရဲဘော် ၈ ဦးတို့သည် စစ်ကော်မရှင်ထံ ယမန်နေ့ ဇွန်လ ၃ ရက်နေ့က အလင်းဝင်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများကို မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံခြင်း အခမ်းအနားကို ဇွန်လ ၃ ရက်နေ့ နံနက်ပိုင်းတွင် မော်လမြိုင်မြို့၊ အရှေ့တောင်တိုင်း စစ်ဌာနချူပ်၏ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး မွန်ပြည်နယ်ဝန်ကြီးချူပ်နှင့် တိုင်းမှူးအပါအဝင် တာဝန်ရှိပုဂ္ဂိုလ်များက တက်ရောက်ခဲ့သည်ဟု ဆိုသည်။
အဆိုပါ အလင်းဝင်ရဲဘော်များသည် ကြာအင်းဆိပ်ကြီးမှ ၁ ဦး၊ ကျိုက်မရောမှ ၁ ဦး၊ ရေးမှ ၁ ဦး၊ ဘားအံမှ ၁ ဦး၊ ရှမ်းပြည်နယ်မှ ၁ ဦး၊ ရန်ကုန်တိုင်းမှ ၁ ဦး၊ မန္တလေးတိုင်းဒေသကြီးမှ မှ ၁ ဦးနှင့် ဧရာဝတီတိုင်းဒေသကြီးမှ ၁ ဦး ပါဝင်ကြောင်း ဖော်ပြထားသည်။
သို့သော် မြေပြင်တွင်ရဲဘော်များ အလင်းဝင်ရောက်ခြင်း မရှိသလို နီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့များမှလည်း အလင်းဝင်သူမရှိသဖြင့် စိတ်ဓာတ်စစ်ဆင်ရေးဆိုင်ရာ နည်းဗျူဟာသာ ဖြစ်သည်ဟု NMSP-AD ပြောရေးဆိုခွင့်ရှိသူ နိုင်ကောင်းစကားက ပြောသည်။
“ရဲဘော်တွေ သူတို့ (စစ်ကော်မရှင်) ဆီမှာ အလင်းသွားဝင်တဲ့ကိစ္စက ကျနော်တို့မှာတော့ မရှိဘူး။ ဝါဒဖြန့်ပြီး သတင်းအတုတွေ ထုတ်လိုက်တာပဲ ဖြစ်တယ်။ အဓိကတော့ တော်လှန်ရေးတွေ စိတ်ဓာတ် ကျအောင် စိတ်ဓာတ်စစ်ဆင်ရေးတွေ လုပ်သွားတာပေါ့နော်။ တစ်ခြားအဖွဲ့က ရဲဘော်တွေလည်း အလင်းဝင်သွားတာ မကြားမိဘူး” ဟု နိုင်ကောင်းစကားက ပြောသည်။
စစ်ကော်မရှင်က ဥပဒေဘောင်အတွင်း ဝင်ရောက်အလင်းဝင်သူ ရဲဘော် ၈ ဦးကို ၎င်းတို့နှင့်အတူ ပါလာသည့် လက်နက်ခဲယမ်းပစ္စည်းပေါ် မူတည်ပြီး ငွေကြေးများ ပေးအပ်ခဲ့သလို လက်ဆောင်ပစ္စည်းများလည်း ပေးအပ်ခဲ့သည်ဟု ဝါဒဖြန့်စည်းရုံးခဲ့သည်။
ထိုပြင် တော်လှန်ရေးရဲဘော်များက စစ်ကော်မရှင်ထံ ဝင်ရောက်အလင်းဝင်ရန် ဆန္ဒရှိသူအများအပြား ကျန်ရှိနေသေးကြောင်းလည်း စစ်ကော်မရှင်မှ ဆိုထားသည်။
စစ်ကော်မရှင်၏ ဝါဒဖြန့်ခြင်းနှင့်ပတ်သတ်၍ PDF ရဲဘော်တစ်ဦးက “တော်လှန်ရေးရဲဘော်အများစုက နှစ်တွေကြာတော့ သံယောဇဉ်တွေ ဖြစ်နေကြပြီ။ သေတူ၊ ရှင်းတူတွေပဲလေ။ သူတို့ (စစ်ကော်မရှင်) ဆီမှာ အလင်းဝင်ဖို့က စိတ်ဆန္ဒ မရှိကြပါဘူး။ အိမ်ကို ပြန်ဖို့ကလည်း မဖြစ်နိုင်တော့ပါဘူး။ ကျနော်ဆိုရင် အမေ၊ အဖေတွေတောင် မရှိကြတော့ပါဘူး” ဟု အထက်ပါ ရဲဘော်က ပြောသည်။
စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းကို အကောင်အထည်ဖော်သည့်နောက် တော်လှန်ရေးအားကောင်းသည့်နယ်မြေဒေသများကို စစ်ကြောင်းထိုးခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်းများ လုပ်ဆောင်ခြင်းဖြင့် တော်လှန်ရေးတပ်ဖွဲ့များ ခြိမ်းခြောက်လျှက် ရှိသည်။
တစ်ဖက်တွင် တော်လှန်ရေးရဲဘော်များ စိတ်ဓာတ်ကျစေသည့် စိတ်ဓာတ်စစ်ဆင်ရေးဆိုင်ရာ နည်းဗျူဟာကိုပါ ပိုမိုကျင့်သုံးလာနေပြီး တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် စစ်ကော်မရှင်၏ ဝါဒဖြန့်သတင်းများကို သတိပြုရန် တော်လှန်ရေးတပ်ဖွဲ့ဘက်မှ မကြာခဏ သတိပေးတိုက်တွန်းလျှက်ရှိသည်။



