Homeသတင်းမွန်ပြည်နယ် အစွန်းအဖျားနှင့် ပဋိပက္ခဖြစ်ပွားရာဒေသရှိ အခြေခံပညာကျောင်းများတွင် ဆရာ၊ ဆရာမ လိုအပ်ချက်များနေ

မွန်ပြည်နယ် အစွန်းအဖျားနှင့် ပဋိပက္ခဖြစ်ပွားရာဒေသရှိ အခြေခံပညာကျောင်းများတွင် ဆရာ၊ ဆရာမ လိုအပ်ချက်များနေ

-

ယခု ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွင်း မွန်ပြည်နယ် အစွန်းအဖျား ကျေးရွာနှင့် ပဋိပက္ခဖြစ်ပွားနေသည့် ဒေသမှ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်သော်လည်း ဆရာ၊ ဆရာမလိုအပ်ချက်များနေသည်ဟု ပညာရေးဝန်ထမ်းများထံမှ သိရသည်။

လတ်တလော ပေါင်မြို့နယ် ၊သဲဖြူကုန်းကျေးရွာရှိ အ.မ.က (ကုန်ဖြူ)တွင် ကျောင်းသား ၃၀၀ ခန့်ကျော်ရှိသော်လည်း ကျောင်းအုပ်တစ်ဦးနှင့် လက်ထောက်ဆရာမ တစ်ဦးခန့်သာရှိသောကြောင့် ယခုပညာသင်နှစ်တွင် သင်ကြားရေးအတွက် အခက်အခဲများစွာရှိနေသည်။

ဆရာ၊ ဆရာ အင်အားမလုံလောက်မှုကြောင့် သင်ကြားရေးအပိုင်းတွင် အရည်အသွေးမပြည့်မှီခြင်း၊ ကျောင်းသားအမြောက်အမြားကို ထိန်းကျောင်းရသဖြင့် စာသင်ချိန်မမှန်ခြင်းများ ကြုံတွေ့လာနိုင်သည့် အပြင် ဆရာ၊ ဆရာမများလည်း အလုပ်တာဝန်ပိုများလာသောကြောင့် အလုပ်ထွက်နှုန်းများလာသည်ဟု ပေါင်မြို့ခံတစ်ဦးကပြောသည်။

“ တစ်ခန်းကို ဆရာမတစ်ယောက်က ကလေး ၇၀ လောက်ထိန်းနေရတယ်။ ဆရာမတွေ လုံလောက်အောင် မပေးနိုင်ဘူး၊ အဲ့လိုဆိုလည်း ပိတ်ထားလိုက်လေ။ လူသုံးရာကို ဆရာမတစ်ယောက်တည်းသင်ခိုင်းတာတော့ မဟုတ်သေးဘူး။ ပညာရေးအပိုင်းကလည်း ဘာမှမလုပ်ပေးလို့ပဲ အဲ့အတိုင်းထားထားတယ်။ မနှစ်ကသုံးယောက်ရှိတယ် ဖြစ်သလိုဖြစ်သွားတယ်ပေါ့ ” ဟု ၎င်းက ပြောသည်။

အလားတူ ပေါင်မြို့နယ် အ.မ.က တပ်မှူးချောင်ကျေးရွာ ကျောင်းတွင် ကျောင်းဆရာမတစ်ဦးနှင့် ကျောင်းအုပ်သာရှိကြောင်း၊ ပညာရေးပိုင်းဆိုင်ရာ ပံ့ပိုးမှုအားနည်းနေပြီး စာသင်ကျောင်းများကို အမည်ခံ ဖွင့်လှစ်မည့်အစား ပြောင်းရွှေ့သင်ကြားမည့်နည်းလမ်းလုပ်စေလိုသည်ဟု ၎င်းကဆက်ပြောသည်။

၎င်းအပြင် မိုင်းရှင်းလင်းရေးလုပ်ဆောင်ပြီး ပြန်လည်ဖွင့်လှစ်ထားသည့် ကျောင်းများတွင် အသစ်ခန့်အပ်ထားသည့် ဆရာ၊ ဆရာမ မရောက်ရှိသေးသဖြင့် စောင့်ဆိုင်းနေရဆဲဖြစ်သည်ဟု ကျိုက်မရောမြို့နယ်မှ ကျောင်းဆရာတစ်ဦးက ပြောသည်။

“မြို့ပေါ်ကျောင်းတို့ဆို ဆရာမတွေပုံနေပါတယ်။ အချို့ကျတော့ ကြောက်တော့ အဲ့ကျောင်းအတွက် နှစ်ယောက်ကျပေမဲ့ မဝင်ကြဘူး အဟောင်းတွေက နီးစပ်ရာပြောင်းသွားတော့ ကျောင်းအုပ်ပဲကျန်တယ်။ ရောက်ဖို့တော့ရှိမယ်ပြောတယ် လောလောဆယ် လူသိပ်မရှိတော့ အသစ်ကိုမျှော်နေရတယ်၊ တစ်ကျောင်းဆို အနည်းဆုံး ၅ ယောက် လိုအပ်နေတယ် ” ဟု ၎င်းကပြောသည်။

မွန်ပြည်နယ် လွှတ်တော်များကော်မတီများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတို့တွင် ကျောင်းဆရာမ လိုအပ်ချက်များကို ဆွေးနွေးတင်ပြသွားရန်ရှိပြီး သက်ဆိုင်ရာဝန်ကြီးထံ တိုက်ရိုက်တင်ပြသွားမည်ဟုလည်း ပြောဆိုထားသဖြင့် အခြေအနေကို စောင့်ကြည့်ရမည်ဟု ကျောင်းဆရာမနှင့်နီးစပ်သူတစ်ဦးကပြောသည်။

၂၀၂၁ ခုနှစ်နောက်ပိုင်း နယ်မြေအခြေအနေကြောင့် ဝေးလံသည့်ဒေသများသို တာဝန်ထမ်းဆောင်ရန် ကြောက်ရွှံ့ခြင်း၊ မူလရှိပြီးသား ဆရာ၊ ဆရာမများသည်လည်း မြို့နှင့်နီးစပ်ရာကျောင်းသို့ ပြောင်းရွှေ့ခြင်း အပြင် CDM ပါဝင်လှုပ်ရှားခြင်းတို့ကြောင့် ဆရာမ
အင်အားနည်းပါးသွားသည်ဟု ဆိုသည်။

 ပညာရေးဝန်ထမ်းများ အရေအတွက်နည်းပါးပြီး လစ်လပ်နေသည့် စာသင်ကျောင်းများတွင် အစားထိုးခန့်အပ်ရန် ပညာရေးဝန်ထမ်းများအား တစ်နှစ်လျှင် ရာထူးတိုး၊ ပြောင်းရွှေ့ကိစ္စရပ်များကို မေလနှင့် အောက်တိုဘာလတွင် နှစ်ကြိမ်ပြုလုပ်ပေးနေကြောင်းလည်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts