Homeသတင်းပေါင်မြို့နယ် ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦး ရိုက်နှက်ဖမ်းဆီးခံရပြီး ပျောက်ဆုံးနေ

ပေါင်မြို့နယ် ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦး ရိုက်နှက်ဖမ်းဆီးခံရပြီး ပျောက်ဆုံးနေ

-

ပေါင်မြို့နယ်၊ သဗြုချောင်းကျေးရွာ၊ ပြည်သူ့စစ်ခေါင်းဆောင် ဦးဖိုးချစ်ကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားပြီး ပျောက်ဆုံးနေကြောင်း ပေါင်သတင်းအမြစ်များထံမှ သိရသည်။

ယမန်နေ့ မေလ ၂၈ ရက်နေ့ မနက် ၈ နာရီခွဲ အချိန်ခန့်တွင် သဗြုချောင်းကျေးရွာ၊ နယ်မြေ ၇ ရထားလမ်းကူးအနီး ရွှေဟင်္သာ ဆွမ်းလောင်းဇရပ်တွင် ထိုင်နေသည့် အသက် ၆၅ နှစ်အရွယ်ရှိသည့် ဦးဖိုးချစ်ကို ကား၊ဆိုင်ကယ်ဖြင့် ရောက်ရှိလာသည့် လူ ၆ ဦးမှ ရိုက်နှက်ထုထောင်း၍ သွေးထွက်သံယိုဖြင့် ကားပေါ်ခေါ်တင်သွားသည်။

ထို့ပြင် ဦးဖိုးချစ်၏ နေအိမ်ဘက်သို့သွားရောက်၍ နေအိမ်အတွင်းရှိ သေနတ်အရှည်တစ်လက်ကိုပါ ယူဆောင်သွားကြောင်း ဒေသခံတစ်ဦးကပြောပြသည်။

" ကားပေါ်ကလူက သူ့ကိုလက်ထိပ်လည်းပါတယ်။ သေနတ်လည်းပါတယ်။ ဦးဖိုးချစ်နဲ့အတူ ရှိနေတဲ့တစ်ယောက်ကိုတော့ သူဘာမှမလုပ်သွားဘူး ဦးဖိုးချစ်ကိုတော့ ဝိုင်းပြီးထုတယ် သွေးထွက်သံယိုနဲ့ ကားပေါ်ခေါ်သွားတယ် ဖမ်းသွားတဲ့နေရာနဲ့ တစ်ဖာလုံးဝေးတဲ့လမ်းကြားမှာ ဦးဖိုးချစ်အိမ်ရှိတယ်။ အိမ်ခန်း တံခါးကိုထုဖျက်ပြီးတော့မှ သေနတ်အရှည်တစ်လက် ပါသွားတယ်” ဟု ၎င်းကပြောသည်။

အဆိုပါလက်နက်ကိုင်အဖွဲ့များ မည်သည့်အဖွဲ့မှဖြစ်သည်ကိုမသိရသလို ပြည်သူ့စစ်ခေါင်းဆောင်၏ သတင်းအစအနမကြားရကြောင်း ဆက်ပြောသည်။

စစ်တပ်မှ ပြည်သူ့စစ်အဖွဲ့တို့ကို လိုအပ်သလိုခိုင်းစေခန့်အပ်ထားပြီး အကာအကွယ်မပေးဘဲ အင်အားနည်းသည့် ပြည်သူ့စစ်အဖွဲ့များ ယခုကဲ့သို့ ပစ်မှတ်ထားဖမ်းဆီးခံရသည်ဟု ပေါင်မြို့ခံက သုံးသပ်ပြောဆိုသည်။

“နာမည်ဆိုးတော့ မရှိဘူး အေးအေးပါပဲ။ ဒါမဲ့ ပြည်သူ့စစ်ခေါင်းဆောင်ဖြစ်နေလို့ အစိုးရက ခိုင်းတော့ ခိုင်းပြီး အကာအကွယ် မပေးနိုင်လို့ အင်အားနည်းတဲ့ ပြည်သူ့စစ်အဖွဲ့တွေ ခံရတာ။ သူကအလုပ်လုပ်ပါတယ် မနှစ်က အဲ့ရွာမှာက အုပ်ချုပ်ရေးမှူးဆိုလည်း ပစ်သတ်ခံထားရပြီးပြီး။” ဟု၎င်းက ဆက်ပြောသည်။

ဦးဖိုးချစ်နေအိမ်သို့ ယခင်က လက်နက်ကိုင်အဖွဲ့များမှ လာရောက်ခဲ့ဖူးပြီး နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာမှ ဦးဖိုးချစ်လွတ်မြောက်ခဲ့သေးသည်။

မွန်တွင် ပြည်သူ့စစ်အဖွဲ့ဝင်များ ပစ်ခတ်သေဆုံးမှုဆက်တိုက်ဖြစ်နေပြီး ပြီးခဲ့သည့် မေလ (၂၅) ရက်နေ့ ည (၈) နာရီအချိန်ခန့်က မုဒုံမြို့နယ် ကမာဝက်မြို့၊ ဂုံညှင်းတန်းရပ်ကွက်နေ အသက် (၅၆) နှစ်အရွယ် ပြည်သူ့စစ်ခေါင်းဆောင်ဖြစ်သူ ဦးကျော်မင်းမှာလည်း သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့သေးကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts