Homeသတင်းရန်ကုန်တွင်ဖြစ်ပွားခဲ့သည့် ပြင်းအား (၅.၂) ရှိ ငလျင်လှုပ်ခတ်မှု မွန်ပြည်နယ်တွင် သိသိသာသာခံစားရ

ရန်ကုန်တွင်ဖြစ်ပွားခဲ့သည့် ပြင်းအား (၅.၂) ရှိ ငလျင်လှုပ်ခတ်မှု မွန်ပြည်နယ်တွင် သိသိသာသာခံစားရ

-

ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့အနီး၊ ကမ်းရိုးတန်းကို ဗဟိုပြု၍  ပြင်းအား ရစ်ချ်တာစကေး (၅.၂) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော ငလျင်တစ်ခု လှုပ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။

ယနေ့ မေလ ၁၈ ရက်နေ့ နံနက် ၈ နာရီ ၃၆ မိနစ်ခန့်တွင် ဖြစ်ပွားခဲ့သည့် အဆိုပါလှုပ်ခတ်မှုကြောင့် ရန်ကုန်မြို့အတွင်း နေထိုင်သူများအပါအဝင် မွန်ပြည်နယ် မြို့နယ်အချို့တွင် သိသိသာသာ ခံစားရကြောင်းလည်း သံဖြူဇရပ်မှ ဒေသခံတစ်ဦးက ပြောသည်။

"ဆေးသောက်ဖို့ ရေခွက်မှာ ရေထည့်ထားတာ။ ချက်ချင်းပဲ ခွက်က လှုပ်ယမ်းလာပြီး ရေတွေဖိတ်ကျသွားတယ်။ ပြီးတော့ သွပ်မိုးတွေလည်း လှုပ်ခါပြီး အသံတွေမြည်လာတယ်။ လှုပ်တာ တစ်မိနစ်တောင် မပြည့်လိုက်ဘူးထင်တယ်” ဟု သံဖြူဇရပ်ဒေသခံတစ်ဦးက ပြောသည်။

ငလျင်ကြောင့် အထပ်မြင့်တိုက်များ ယိမ်းထိုးလာသဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ သာကေတ၊ သင်္ဃန်းကျွန်း၊ ကမာရွတ်၊ ကြည့်မြင်တိုင်၊ ရွှေပြည်သာနေ မြို့ခံများ အဆောက်အအုံများမှ အရေးပေါ်ပြေးဆင်းခဲ့ကြကြောင်း မြို့ခံတစ်ဦးက ပြောသည်။

“နည်းနည်းပြင်းတယ်။ လူတွေအော်ပြီးပြေးကြတာ။ လှုပ်တာကလည်း အနည်းဆုံး တစ်မိနစ်ခွဲလောက်ရှိတယ်။ အိပ်နေရာကနေ နိုးပြီး အောက်ထိပြေးဆင်းရတဲ့အထိ လှုပ်နေတုန်းပဲ” ဟု ရန်ကုန်မြို့ခံက ပြောသည်။

ယနေ့ နံနက် ၈ နာရီ ၃၀ မိနစ်ဝန်းကျင်၌ ရန်ကုန်အပြင် ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အချို့တွင်လည်း ငလျင်လှုပ်ခတ်သွားကြောင်း သိရသည်။

လက်ရှိအချိန်ထိ ထိခိုက်ပျက်စီးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှုဆိုင်ရာ အသေးစိတ်အချက်အလက်များကို တရားဝင်ထုတ်ပြန်ထားခြင်း မရှိသေးကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် မန္တလေးနှင့် စစ်ကိုင်းမြို့ကို ဗဟိုပြုပြီး ပြင်အားရစ်တာစကေး ၇ ဒဿမ ၇ နှင့် လှုပ်ခတ်ပြီး နောက်ပိုင်း တစ်ကျော်အချိန်အထိ နိုင်ငံအနှံ့တွင် ငလျင်ပေါင်း ရာနှင်ချီ လှုပ်ခတ်ခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts