Homeသတင်းနွေဦးတော်လှန်ရေးမှာ ဆက်လက်ပူးပေါင်းမည်ဟု PNLO ပြော

နွေဦးတော်လှန်ရေးမှာ ဆက်လက်ပူးပေါင်းမည်ဟု PNLO ပြော

-

ပြည်သူလူထုကို ရန်သူသတ်မှတ် အနိုင်ကျင့် ဗိုလ်ကျ ဖိနှိပ်နေသော စစ်အုပ်စုနှင့် စစ်အာဏာရှင်စနစ်ဆိုးကို ဆန့်ကျင်တော်လှန်၍ စနစ်ပြောင်း ခေတ်ပြောင်း လူထုနွေဦးတော်လှန်ရေးမှာ ဆက်လက်ပူးပေါင်း ဆင်နွှဲသွားမည်ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA) က ထုတ်ပြန်သည်။

ပြီးခဲ့သည့် မေလ ၁၁ ရက်မှ ၁၅ ရက်နေ့အထိ ကျင်းပခဲ့သည့် PNLO ၏ ဗဟိုကော်မတီ မျက်နှာစုံညီ အစည်းအဝေးအပြီး ထိုကဲ့သို့ ထုတ်ပြန်ပြောဆိုပြီး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံသစ် ပေါ်ထွန်းရေး ရည်မှန်းချက်ကို မြဲမြံစွာ ဆုတ်ကိုင်ထားသည်ဟု ဆိုသည်။

PNLO အနေဖြင့် စစ်အာဏာရှင်စနစ်ကို တောက်လျှောက်ဆန့်ကျင်တော်လှန်ခဲ့ပြီး အာဏာသိမ်းပြီးကာလမှာ တော်လှန်ရေးတွင် တိုက်ရိုက်ပါဝင်ခြင်း မရှိခဲ့သော်လည်း ပံ့ပိုးကူညီမှုများ ရှိခဲ့ကြောင်း PNLO မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ခွန်အောင်မန်းက ပြောသည်။

“ကျနော်တို့ နိုင်တဲ့အပိုင်းကနေ တော်လှန်နေတဲ့ အင်အားစုတွေ မဟာမိတ်တွေ ပံ့ပိုးကူညီပေးတာရှိတယ်။ ထွက်လာတဲ့လူငယ်တွေကို ကျနော်တို့ သင်တန်းပေးတာရှိတယ်။ ၂၀၂၄ နှစ်စမှာတော့ ကျနော်တို့အနေနဲ့ ဒီနွေဦးတော်လှန်ရေးမှာ တိုက်ရိုက်ပါဝင်လာနိုင်တာပေါ့လေ၊ တောက်လျှောက် ပါဝင်လာနေတဲ့အနေအထားမှာ ကျနော်တို့ ဆက်လက်ပြီးတော့လည်း ပူးပေါင်းဆောင်ရွက်နေမှာဖြစ်တယ်။ တနိုင်ငံလုံးမှာရှိတဲ့ ကျနော်တို့ တော်လှန်ရေးအင်အားစုတွေ အားလုံးနဲ့ ပူးပေါင်းဆောင်ရွက်လို့ရတဲ့အပိုင်းတွေမှာ အားလုံးပူးပေါင်း ဆောင်ရွက်သွားမယ်ဆိုတာမျိုး ဖြစ်ပါတယ်။ ခေတ်ပြောင်းစနစ်ပြောင်းတော်လှန်ရေးမှာ ကျနော်တို့ နဂိုရပ်တည်ချက်အတိုင်း ဆက်လက်ပြီးမှ ရပ်တည်ဆောင်ရွက်သွားမယ်” ဟု ပြောသည်။

ထို့အတူ တော်လှန်ရေးတစ်ရပ်လုံးကို ကိုယ်စားပြုနိုင်သော ခိုင်မာကျယ်ပြန့်အားကောင်းသည့် ဦးဆောင်မှုတစ်ရပ် ပေါ်ပေါက်ရေးမှာ ပွင့်လင်းတက်ကြွစွာ ပူးပေါင်းဆောင်ရွက်သွားမည်ဟုလည်း ထုတ်ပြန်ထားသည်။

“တော်လှန်ရေးတစ်ခုလုံးကို လွှမ်းခြုံနိုင်တဲ့ ခိုင်မာကျယ်ပြန့်တဲ့ ဦးဆောင်နိုင်တဲ့ အစုအဖွဲ့ပေါ့၊ အင်အားစုတစ်ခုပေါ့၊ တပ်ပေါင်းစု ပုံသဏ္ဍာန်ဖြစ်ဖြစ် အဲဒီလိုမျိုးနဲ့ ကျနော်တို့ စုစုစည်းစည်းနဲ့ သွားနိုင်မှပဲ အမြစ်တွယ်လာတဲ့ စစ်အာဏာရှင်စနစ်ကို ဖြုန်ချနိုင်မယ်လို့ ကျနော်တို့ ယုံကြည်တယ်” ဟု ဗိုလ်မှူးကြီး ခွန်အောင်မန်းက ဆက်ပြောသည်။

စစ်ဘေးစစ်ဒဏ် ခံနေရသော ပအိုဝ်းအပါအဝင် လူမျိုးပေါင်းစုံပြည်သူလူထုတစ်ရပ်လုံးအတွက် လူသားချင်းဆိုင်ရာ အကူအညီများ ရရှိရေး၊ တော်လှန်ရေးအထောက်အကူပြု အကူအညီများရရှိရေး လုပ်ငန်းစဉ်များမှာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုသည်။

PNLO ၏ တတိယအကြိမ်ညီလာခံသက်တမ်း ဗဟိုကော်မတီနှင့် တပ်မှူးများ အရေးပေါ်အစည်းအဝေးက PNLO ၏ အခြေခံမူနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်သော ခွန်ဥက္ကာ၊ ခွန်မင်းသိမ်း နှင့် နန်းယဉ်ယဉ်စိုးတို့ (၃) ဦးကို အဖွဲ့ချုပ်မှ ထုတ်ပယ်ထားပြီးဖြစ်ကြောင်း၊ ထုတ်ပယ်ခံရသူ (၃) ဦးသည် စတုတ္ထအကြိမ်း ညီလာခံတွင် အယူခံဝင်နိုင်ကြောင်း ဆုံးဖြတ်ထားပြီဖြစ်ကြောင်း ဆိုသည်။

အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်၍ ဗိုလ်မှူးကြီးခွန်ဥက္ကာထံ ဖုန်းဆက်သွယ်မေးမြန်းခဲ့သော်လည်း အင်တာဗျူး ဖြေဆိုခြင်း တစ်လ နားထားကြောင်းသာ အကြောင်းပြန်ခဲ့သည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA) သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော ပအိုဝ်းလက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်း၍ စစ်အုပ်စုအား ဆန့်ကျင်တိုက်ခိုက်လျက် ရှိနေသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts