ထိုင်းအစိုးရပိုင် ရေနံနှင့် စွမ်းအင်ကုမ္ပဏီ PTTEP က လာမည့် ကာလများတွင် မြန်မာ့ကမ်းလွန်၌ ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှု ပိုမိုရင်းနှီးမြှုပ်နှံရန် အာဏာသိမ်း စစ်အစိုးရသစ်နှင့် ဆွေးနွေးမှုများ ခပ်စိပ်စိပ် ပြုလုပ်လာသည်။
မေလ ၈ ရက်နေ့က နေပြည်တော်သို့ PTTEP ၏ အမှုဆောင်အရာရှိချုပ် လာရောက်ပြီး မြန်မာ့ကမ်းလွန်ရှိ သဘာဝဓာတ်ငွေ့ လုပ်ကွက်ဟောင်းများတွင် တွင်းအသစ်များ ထပ်မံတူးဖော်ရန်နှင့် မုတ္တမကွေ့တွင် ထပ်မံတူးဖော်မည့် လုပ်ကွက်အသစ်နှင့်ပတ်သက်ပြီး ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
လက်ရှိ မြန်မာ့ကမ်းလွန်တွင် PTTEP က ရဲတံခွန်၊ ရတနာနှင့် ဇောတိကစီမံကိန်းများတွင် ရှယ်ယာများ ပါဝင်ထားပြီး အဆိုပါ စီမံကိန်းများမှ ထွက်ရှိသည့် သဘာဝဓာတ်ငွေ့ သုံးပုံ နှစ်ပုံကို ထိုင်းနိုင်ငံသို့ တင်ပို့နေသည်။
သို့သော်လည်း အာဏာသိမ်းမှုကြောင့် အမေရိကန်၊ ဥရောပနှင့် နိုင်ငံတကာအစိုးရများက မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများပြုလုပ်ပြီး အမေရိကန်ဒေါ်လာအသုံးပြုကာ ငွေလွှဲမှု၊ ငွေချေမှုနှင့် ရင်းနှီးမြှုပ်နှံမှုများ မလုပ်ရန် နိုင်ငံတကာကို ကြေညာခဲ့သည်။
ထို့ကြောင့် PTTEP မှာ MOGE နှင့် ဆက်ဆံရန်အခက်တွေ့နေခဲ့ပြီး ၂၀၂၆ ခုနှစ် ဧပြီလတွင် စစ်တပ်လက်အောက်ခံ ဗဟိုဘဏ်က မြန်မာနိုင်ငံတွင် ထိုင်းဘတ်ငွေနှင့် တိုက်ရိုက်ရင်းနှီးမြှုပ်နှံခွင့်ပြုလိုက်ပြီး ပိတ်ဆို့အရေးယူမှုကို ကျော်လွှားခဲ့သည်။

“မြန်မာ့ကမ်းလွန်မှာ ရင်းနှီးမြှုပ်နှံတာ ထိုင်းရှိတယ်။ တရုတ်ရှိတယ်။ လောလောဆယ် ထိုင်းက အများဆုံးလို့ ပြောလို့ရတယ်။ ဒါပေမယ့် မြန်မာက ပိတ်ဆို့အရေးယူခံထားရတော့ ထိုင်းက မြန်မာစစ်တပ်ဆီက ဝယ်တဲ့ သဘာဝဓာတ်ငွေ့တွေက ဒေါ်လာနဲ့ ငွေချေဖို့ အရမ်းခက်နေတာ။ သူတို့က တခြားနိုင်ငံက ဘဏ်တွေကို ခံပြီး လွှဲတာမျိုးကိုတော့ တောက်လျှောက်လုပ်လာတာပေါ့။ ဒါပေမယ့် အခုက ပြည်တွင်းမှာ ထိုင်းဘတ်ငွေနဲ့ တိုက်ရိုက်ငွေချေခွင့်ပြုလိုက်တော့ ကျသင့်ငွေကို ဒေါ်လာမပြောင်းတော့ဘဲ ဘတ်ငွေနဲ့ပဲ တန်းပေးမယ်ဆိုတဲ့ သဘောပဲ။ ဒါကြောင့်လည်း ထိုင်းက နောက်ထပ် တွင်းအသစ်တွေပါ ပိုပြီး ရင်းနှီးမြှုပ်နှံတော့မယ်။ ပထမ ရှိတဲ့ ရဲတံခွန်တို့ကလည်း အထွက်နှုန်းက သိသိသာသာကျလာတာလည်းပါတာပေါ့။ တချို့ဆို လာမယ့် ၁၀ နှစ်အတွင်းမှာ သက်တမ်းတွေပါကုန်တော့မယ်။” ဟု စီးပွားရေးဆိုင်ရာ ကျွမ်းကျင်သူ တစ်ဦးက ပြောသည်။
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးဟောင်း မင်းအောင်လှိုင် သမ္မတရာထူးရယူပြီးနောက် နေပြည်တော်သို့ လာရောက်ခဲ့သည့် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်၏ နေပြည်တော် ခရီးစဉ်တွင်လည်း အဆိုပါ စီမံကိန်းများ ဆွေးနွေးခဲ့ကြောင်း ထိုင်း The Nation သတင်းဌာနက ဖော်ပြသည်။
မုတ္တမကမ်းလွန်တွင် PTTEP က အမေရိကန်ဒေါ်လာ၂ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံပြီး အောင်သိင်္ခ စီမံကိန်းကို ၂၀၂၈ တွင် စတင်နိုင်ရန် ကြိုးပမ်းနေကြသည်။ ၂၀၂၀ ခုနှစ်မှစတင်ကာ လုပ်ပိုင်ခွင့်ရရှိခဲ့ခြင်းဖြစ်သော်လည်း အာဏာသိမ်းမှုနောက်ပိုင်း မဂ္ဂါဝပ် ၆၀၀ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ကျိုက်ကလတ်တွင် တည်ဆောက်ရေးနှင့် လှိုင်သာယာသို့ ပို့ဆောင်ရန် ပိုက်လိုင်းတည်ဆောက်ရေးတို့ကို ရပ်နားခဲ့ရသည်။
ဧရာဝတီတိုင်း အောက်ဘက် မြန်မာ့ကမ်းလွန်ပင်လယ်ရှိ လုပ်ကွက် M-3 ကို PTTEP က ရှယ်ယာ ၈၀ ရာခိုင်နှုန်း ထည့်ဝင်ထားပြီး အော်ပရေတာအဖြစ် ဆောင်ရွက်ခြင်းဖြစ်ကာ ဂျပန်ရေနံကုမ္ပဏီ Mitsui Oil Exploration Co ltd က ရှယ်ယာ ၂၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံထားခဲ့သည်။
၂၀၂၁ ခုနှစ် စက်တင်ဘာလကုန်ပိုင်းတွင် ဂျပန်ကုမ္ပဏီက ထိုစီမံကိန်းမှ နုတ်ထွက်သွားခဲ့သည့်အတွက် PTTEP က ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံသူ ဖြစ်လာသည်။ ထိုင်းက လာရောက်ရင်းနှီးမြှုပ်နှံသည့် အဆိုပါ ကမ်းလွန်စီမံကိန်းများသည် မြန်မာစစ်တပ်၏ အဓိက နိုင်ငံခြားငွေ ရရှိရာ နေရာဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် အဆိုပါစီမံကိန်းများသည် မြန်မာစစ်တပ်အား နှစ်စဉ်အမေရိကန်ဒေါ်လာ ဘီလီယံနှင့်ချီ ဝင်ငွေရရှိနေခြင်းကြောင့် ဖြစ်သည်။
သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “ဆန်ရှင်တွေရှိတော့ ဒေါ်လာ၊ ယူရိုသုံးတဲ့ နိင်ငံတကာ ရင်းနှီးမြုပ်နှံမှုတွေ ဝင်လာဖို့ အကန့်အသတ်ရှိတယ်။ ဆန်ရှင်တွေကြောင့် ကုန်သွယ်ရေး၊ လက်နက်၊ လေယာဉ်ဆီဝယ်တာ ဘဏ်ငွေပြောင်းငွေလွှဲကိစ္စတွေမှာ ဒေါ်လာနဲ့ ယူရိုသုံးရတာ အခက်ခဲ အကန့်သတ်ရှိတယ်။ မြန်မာစစ်အုပ်စုဟာ ဆန်ရှင်တွေကို ကျော်လွှားဖို့ ထိုင်းဘတ်ငွေနဲ့ တရုတ်ယွမ်ငွေကို ပိုပြီး အားထားအသုံးပြုတာဖြစ်တယ်။” ဟု ထောက်ပြသည်။
ထို့ကြောင့်ပင် အာဏာသိမ်းမှုနောက်ပိုင်း မြန်မာပြည်သူလူထု၏ ဆန္ဒပြပွဲများတွင် PTTEP အား ရင်းနှီးမြှပ်နှံမှုများ ရပ်ထားရန် တောင်းဆိုမှုများ ပါဝင်ခဲ့ပေသည်။
အဆိုပါတောင်းဆိုမှုများကြောင့် ယခင်က မြန်မာ့ကမ်းလွန်စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံခဲ့ကြသည့် အမေရိကန်၊ ပြင်သစ်၊ မလေးရှား၊ ဂျပန်နှင့် ဩစတေးလျကုမ္ပဏီများက နှုတ်ထွက်ခဲ့ကြသည်။
ယခုအခါ ထိုင်းအစိုးရအနေဖြင့် မြန်မာစစ်တပ်နှင့် ထိတွေ့ဆက်ဆံမှုကို ပိုမိုပေါ်ပေါ်ထင်ထင် လုပ်ဆောင်လာပြီး ရင်းနှီးမြှုပ်နှံမှုများကိုပါ ထပ်မံတိုးချဲ့လာနေပေသည်။




