ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ မက္ကာဆန်ရထားလမ်းကူး၌ မေလ ၁၆ ရက် မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့သော ဘတ်စ်ကားနှင့် ကုန်တင်ရထားတစ်စီးတိုက်မှုတွင် လူ ၈ ဦးထက်မနည်းသေဆုံးပြီး ၂၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းတာဝန်ရှိသူများက ယနေ့တွင် အတည်ပြုပြောဆိုသည်။
အဆိုပါ သေဆုံးသူ ၈ ဦးတွင် ဘားအံမြို့နယ်၊ ကျုံဖဲရွာမှ ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်နေသည့် အသက် (၃၀) ကျော် အရွယ် မွန်ရွှေ့ပြောင်းလုပ်သား အမျိုးသမီးတစ်ဦး ပါဝင်ကြောင်း ဘားအံဒေသခံတစ်ဦးက IMNA သို့ အတည်ပြုပြောကြားသည်။

"ပိတ်ရက်ဆိုတော့လေ၊ သူ့ယောင်္ကျား အလုပ်လုပ်တဲ့နေရာဆီကို သွားတော့ အဲကားကိုစီးလာတာပေါ့။ ကံမကောင်းစွာပဲ အဲဒီယာဉ်တိုက်မှုများ ဆုံးသွားတယ်။ ရွာမှာတော့ သူ့ကလေး ၆ နှစ်အရွယ်လေးတောင် ကျန်နေသေးတာ"ဟု ဘားအံဒေသခံက ပြောသည်။
Chachoengsao ပြည်နယ်မှ Bang Sue သို့ ထွက်ခွာလာသည့် ကုန်တင်ရထားသည် Bang Na-Thewet လမ်းကြောင်းပေါ်တွင် ပြေးဆွဲနေသည့် ဘတ်စ်ကားကို မေ ၁၆ ရက်နေ့ ၄ နာရီဝန်းကျင်တွင် အကွာအဝေးတစ်ခုအထိ ဆွဲငင်တိုက်မိရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း အခင်ဖြစ်ပွားရာနေရာရှိ အာဏာပိုင်များက ပြောသည်။
အခင်းဖြစ်ပွားရာနေရာသို့ ထိုင်းနိုင်ငံဝန်ကြီးချုပ် အနုတင်အပါအဝင် ပို့ဆောင်ရေးဒုတိယဝန်ကြီး မစ္စတာ Siripong Angkasakulkiat က ကိုယ်တိုင်လာရောက်ခဲ့ပြီး လူရှစ်ဦးသေဆုံးပြီး ၂၅ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းမီဒီယာများသို့ အတည်ပြုပြောကြားခဲ့သည်။
ထိခိုက်ခံရသူများတွင်လည်း မြန်မာနိုင်ငံသားများလည်း ပါဝင်နေပြီး နီးစပ်ရာဆေးရုံများသို့ ပို့ဆောင်ကုသပေးခဲ့ပြီး ဘန်ကောက်မြို့ လူထုသယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ (BMTA) မှ အကူအညီများ ပေးအပ်ခဲ့သည်။
ယာဉ်တိုက်မှုကို မီးသတ်တပ်ဖွဲ့များ ဘေးအန္တရာယ်ကာကွယ်ရေးအဖွဲ့၊ အရေးပေါ်ကယ်ဆယ်ရေး တာဝန်ရှိသူများ၊ မက္ကာဆန်ရဲစခန်းနှင့် ကယ်ဆယ်ရေး ဖောင်ဒေးရှင်းများမှ အမြန်မီးငြှိမ်းသတ်၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကိုဆောင်ရွက်ခဲ့ပြီး မတော်တဆဖြစ်ပွားရသည့် အကြောင်းအရင်းကိုလည်း တာဝန်ရှိသူများမှ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
ကနဦးအနေဖြင့် ယာဉ်တိုက်မှုဖြစ်စဉ်တွင် ကုန်တင်ရထားသည် လေးလံသောဝန်ကို တင်ဆောင်ထားကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့မှ ကနဦး မှတ်ချက်ပြုခဲ့ကြောင်း သိရသည်။
ယနေ့ မေ ၁၇ ရက်နေ့တွင် အခင်းဖြစ်ပွားရာနေရာသို့ ဒေသခံများ ပန်အဖြူများချကာ ဝမ်းနည်းခြင်းအထိမ်းအမှတ် ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ကိုးကား-Khaosod English




