Homeသတင်းမိုးတွင်းအမီ နေအိမ်ပြုပြင်နေသည့် သရက်ချောင်းစစ်ဘေးရှောင်ဒေသခံများ အကူအညီလိုအပ်

မိုးတွင်းအမီ နေအိမ်ပြုပြင်နေသည့် သရက်ချောင်းစစ်ဘေးရှောင်ဒေသခံများ အကူအညီလိုအပ်

-

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်အောက်ပိုင်း ကျေးရွာအချို့တွင် နေရပ်ပြန်လည်ဝင်ရောက်လာကြသည့် စစ်ဘေးရှောင်ဒေသခံများ မိုးရာသီမကျရောက်မီ ယာယီတဲများ ပြန်လည်တည်ဆောက်ရန်အတွက် အကူအညီလိုအပ်နေကြောင်း ဒေသအတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။

ဧပြီလကုန်ပိုင်းကပင် နေရပ်ပြန်လာသည့် ဒေသခံများသည် နီးစပ်ရာ အခြားနေရာများသို့ ရွှေ့ပြောင်းနေထိုင်ကြပြီး၊ နေအိမ်များကို မိုးတွင်းပိုင်းမရောက်မီ အချိန်မီပြုပြင်နေကြသည်။

သရက်ချောင်းမြို့နယ် ပကဖ (ဒေါင်းညီနောင်စစ်ကြောင်း) အဖွဲ့မှ နေရပ်ပြန်လာသူ စစ်ဘေးရှောင်ပြည်သူများ ယာယီတဲအိမ်များ ဆောက်လုပ်ရန် သစ်လုံးတိုင်၊ ဝါးနှင့် ဓနိဖက်များ လိုအပ်နေကြောင်း ပြီးခဲ့သည့် မတ်လ ၁၁ ရက်တွင် ထုတ်ပြန်ထားသည်။

ဝင်းဝရွာအနီးရှိ မင်းဒပ်ရွာတွင် နေအိမ် ၄၀ ကျော်၊ ဂုံညှင်းဆိပ်ရွာနှင့် သဲလမ်းရွာတို့တွင် နေအိမ် ၅၀ ကျော်၊ ဆီတောရွာတွင် နေအိမ် ၁၅ အိမ်နှင့် ပြင်းဖြူသားရွာတွင် နေအိမ် ၄ အိမ် ထိခိုက်ပျက်စီးခဲ့ကြောင်း ဖော်ပြထားသည်။

နေရပ်ပြန် စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက “အိမ်တွေက ရစရာမရှိတော့ဘူး။ မီးရှို့ခံရတာရော၊ လေယာဉ်ဗုံးကြဲလို့ မီးလောင်တာ၊ လက်နက်ကြီးထိတာ အများကြီး ပျက်စီးသွားတာ။ ကျမတို့အိမ်ဆို ရစရာမရှိတော့ဘူး၊ တစ်အိမ်လုံး ပျက်စီးသွားတာပဲ။ အချို့ကလည်း အမိုးလောက်ပဲ ပျက်တာရှိတယ်ပေါ့” ဟု ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း သရက်ချောင်းမြို့နယ်အောက်ပိုင်းတွင် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်းခဲ့ပြီး၊ စစ်ကော်မရှင်ဘက်မှ လေကြောင်းဖြင့် ဗုံးကြဲချတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနှင့် မီးရှို့ဖျက်ဆီးမှုများကြောင့် ဒေသခံပြည်သူတို့၏ နေအိမ်အဆောက်အအုံ၊ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းများ အများအပြား ပျက်စီးခဲ့ရသည်။

လက်ရှိတွင် တိုက်ပွဲများ ငြိမ်သက်နေသော်လည်း စစ်ဘေးရှောင်ဒေသခံ အနည်းစုသာ နေရပ်သို့ ပြန်လည်ဝင်ရောက်ရဲကြသေးသည်။

စစ်ကော်မရှင်တပ်မှ နေ့စဉ်စစ်ကြောင်းထိုး လှုပ်ရှားနေသည့်အပြင်၊ မိုင်းနှင့် စစ်လက်နက်အကြွင်းအကျန်များ မရှင်းလင်းနိုင်သေးသဖြင့် နေရပ်မပြန်နိုင်ကြသေးကြောင်း ဒေသအတွင်း တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

“စစ်ရှောင်လိုက်ရတဲ့ရွာတွေက အကုန်ပြန်နေနေကြပြီလားဆိုတော့ ဝင်းဝရွာကအစပေါ့ စစ်ရှောင်တော်တော်များများက မပြန်ကြသေးဘူး။ လူနည်းစုပဲ ပြန်ကြတာ။ တိုက်ပွဲတွေသာ မဖြစ်တာ၊ စစ်တပ်ဘက်က စစ်ကြောင်းထိုးနေတာရှိတယ်။ ပြီးတော့ မိုင်းပေါက်ကွဲမှုတွေ ဖြစ်နေတယ်။ အဲဒါကြောင့် ဒေသခံတွေ မပြန်ရဲကြတာ။ မိုင်းတွေက မရှင်းလင်းရသေးဘူး။ မပြန်ရသေးတဲ့လူတွေလည်း သူတို့လုံခြုံတဲ့ နေရာမှာပဲ ရှိနေတာပေါ့။ နေရာတော့ ပြောလို့မရဘူး” ဟု အဆိုပါ တော်လှန်ရေးရဲဘော်က ပြောသည်။

ဝင်းဝစခန်းသိမ်းကာလအတွင်း အမှတ် (၈) ပြည်ထောင်စုလမ်းမကြီး မြိတ်-ထားဝယ်ကားလမ်းပိုင်း၊ သရက်ချောင်းမြို့နယ်အတွင်းရှိ ဒေသခံ ငါးထောင်ဝန်းကျင်ခန့်မှာ တောတောင်၊ ဥယျာဉ်ခြံနှင့် လုံခြုံရာနေရာများတွင် စစ်ဘေးရှောင်ခဲ့ကြရသည်။

အမှတ် (၈) ပြည်ထောင်စုလမ်းမကြီး မြိတ်-ထားဝယ်ကားလမ်းပိုင်းရှိ ဝင်းဝတပ်စခန်းကို စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက်၊ စစ်ကော်မရှင်စစ်ကြောင်းက ကျေးရွာအချို့ရှိ ပြည်သူများ၏ နေအိမ်များအတွင်း တပ်စွဲနေထိုင်ခဲ့သည့်အပြင် တန်ဖိုးရှိပစ္စည်းများနှင့် စားသောက်ဖွယ်ရာများကိုလည်း ယူဆောင်သွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲကာလအတွင်း စစ်အာဏာရှင်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကို နေ့စဉ်ရက်ဆက် ပြုလုပ်ခဲ့ပြီး၊ အရပ်သားများကို ဖမ်းဆီးသတ်ဖြတ်မှုများလည်း ရှိခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts