သက်ကြီးရွယ်အို လူမှုရေးပင်စင်စရိတ် ထောက်ပံ့ရန်ရှိသဖြင့် အချိန်မီလျှောက်ထားရန် စစ်ကော်မရှင်မှ ထုတ်ပြန်ထားပြီး ယခုဘဏ္ဍာရေးနှစ်တွင်လည်း တစ်လ ၅၀၀၀ ကျပ်နှုန်းသာ ဆက်လက်ထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် အကျိုးခံစားခွင့်ရှိသူ သက်ကြီးရွယ်အိုများအား ၃ လပတ် နှစ်ကြိမ်၊ ၆ လစာအတွက် ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး သက်ဆိုင်ရာ ရပ်ကွက်၊ အုပ်ချုပ်ရေးမှုးရုံး (သို့မဟုတ်) နီးစပ်ရာ လူမှုဝန်ထမ်းရုံးသို့ မေလ ၃၁ ရက်နေ့ စာရင်းပေးသွင်းရန် ပြီးတဲ့ရက်ပိုင်းက ထုတ်ပြန်ထားသည်။
စစ်အာဏာသိမ်းချိန်မှစ၍ သတ်မှတ်ထားသည့် လူမှုရေးပင်စင်စရိတ် ၅၀၀၀ ကျပ်နှုန်းထားသည် လူကြီးတစ်ဦး၏ စားဝတ်နေရေးစရိတ်၊ ဆေးဝါးကုန်ကျစရိတ်များနှင့် နှိုင်းယှဉ်ပါက အလွန်နည်းပါးကြောင်း သက်ကြီးရွယ်အိုစောင့်ရှောက်သူတစ်ဦးက ဆိုသည်။

“တစ်လအတွက် ၅,၀၀၀ နှုန်းနဲ့ဆို တစ်ရက်စာဈေးဖိုးတောင် မလုံလောက်ဘူး။ ပြီးတော့ ၃ လမှ တခါရတယ်။ မပေးတာထက်စာရင် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ တစ်လတစ်ကြိမ် တစ်ကြိမ်မှာလည်း ဈေးဖိုးအတွက် အဆင်ပြေမဲ့ပမာဏဆို အဖိုးအဖွားတွေပိုအဆင်ပြေတာပေါ့။ လုပ်ရင်လဲ ထိထိရောက်ရောက် လုပ်ပေစေချင်တယ်” ဟု သံဖြူဇရပ်မှ သက်ကြီးရွယ်အိုစောင့်ရှောက်သူတစ်ဦးက ပြောသည်။
မြေပြင်တွင် စာရင်းပေးသွင်းရန်ခက်ခဲခြင်း၊ သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးရုံးများမှ ငွေကြေးဖြတ်တောက်ခြင်းများလုပ်ဆောင်နေသဖြင့် သက်ကြီးရွယ်အိုအချို့ အဆိုပါ လူမှုရေးပင်စင်ကို အပြည့်အဝခံစားခွင့် မရှိနေကြောင်းလည်း သိရသည်။
လူမှုရေးထောက်ပံ့ငွေများကို ယခုနှစ်မှစ၍ လက်ကိုင်ဖုန်းမှတစ်ဆင့် ငွေလွှဲပေးသွားမည်ဟု အသိပေးထားသော်လည်း၊ သက်ကြီးရွယ်အိုများအတွက် စမတ်ဖုန်းအသုံးပြုရာတွင် မကျွမ်းကျင်ခြင်း၊ ငွေလွှဲ ဆော့ဝဲလ် (Application) များ ဖွင့်လှစ်အသုံးပြုနည်း မသိရှိခြင်း၊ ဖုန်းနှင့် အင်တာနက် အဆင်မပြေခြင်းတို့ကြောင့် ငွေလက်ခံရာတွင် အခက်အခဲများ ကြုံတွေ့လာနိုင်ကြောင်း ဆိုသည်။
အခြေခံလူတန်းစားများဖြစ်သည့် အသက် ၇၀ မှ ၈၀ ဝန်းကျင် သက်ကြီးရွယ်အိုများအနေဖြင့်လည်း စားဝတ်နေရေးအခက်အခဲများ ကြုံတွေ့နေရသဖြင့် အသက်အရွယ်များ လျှော့ချသတ်မှတ်ရန်လည်း ပရဟိတလုပ်ငန်းဆောင်ရွက်နေသူတစ်ဦးက ဆိုသည်။
“အခုဆို ရွာမှာက အသက် ၈၅ အထက် သက်ကြီးရွယ်အိုဆို လက်ချိုးရေးလို့ရတယ်။ ဒီရွာမှာဆိုအယောက် ၂၀ တောင် မပြည့်လောက်ဘူး။ အသက် ၇၀ အထက် ဒါမှမဟုတ် ၈၀ အထက်ဆို ပိုသင့်တော်မယ်။ ကျနော်တို့ ရဟိတအဖွဲ့တွေက ဦးဆောင်ပြီး တစ်နှစ်နှစ်ခါ သက်ကြီးရွာအိုတွေကို ထောက်ပံ့ပေးလေ့ရှိတယ်။ အသက် ၇၀ ကျော်ကနေ စပေးတယ်” ဟု ရေးမြို့နယ်မှ ပရဟိတအဖွဲ့ ဦးဆောင်နေသူတစ်ဦးက ဆိုသည်။
ယခင်အရပ်သား အစိုးရက ၂၀၁၇ – ၁၈ ဘဏ္ဍာနှစ်မှစ၍ လူမှုရေးပင်စင်ကို တစ်လ ကျပ် ၁၀,၀၀၀ နှုန်းဖြင့် ၃ လ တစ်ခါ ၃၀,၀၀၀၊ တစ်နှစ် ၄ ကြိမ် ပေးအပ်ခဲ့သည်။ လက်ရှိ အာဏာသိမ်း စစ်ကောင်စီလက်ထက်တွင် ၆ လ တစ်ခါ ကျပ် ၃၀,၀၀၀၊ တစ်နှစ် ၂ ကြိမ်သာ ပေးနေကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံတွင် သက်ကြီးရွယ်အိုဦးရေ ခြောက်ဒသမ သုံးသန်းရှိသည့်အနက် အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးရွယ်အို နှစ်သိန်းလေးသောင်းရှစ်ထောင့်ကိုးရာကျော် ရှိကြောင်း လူမှုဝန်ထမ်းဦးစီးဌာနမှ အချက်အလက်များအရ သိရသည်။




