စစ်တပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် တနင်္သာရီမြို့နယ်၊ တကူကျေးရွာ စာသင်ကျောင်း ပျက်စီးလွတ်လပ်သော မွန်သတင်းအေဂျင်စီမေ ၁၃၊ ၂၀၂၆တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ တကူကျေးရွာတွင် ယနေ့ မေလ ၁၃ ရက်နေ့ နံနက်ပိုင်းက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရမှုကြောင့် အထက်တန်းစာသင်ကျောင်းဆောင် ၂ ဆောင် ထိခိုက်ပျက်စီးသွားသည်ဟု KNU မြိတ်ထားဝယ်ခရိုင်ထံမှ သိရသည်။

စစ်ကော်မရှင်တပ်က တကူးကျေးရွာထဲကို ယနေ့ နံနက် ၉ နာရီ ၅၀ မိနစ်အချိန်ခန့်က Jet Fighter လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
စစ်တပ်က ကြဲချတိုက်ခိုက်ခဲ့သည့် ဗုံးသည် တကူးကျေးရွာ အထက်တန်းကျောင်းဝင်းထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး စာသင်ကျောင်းဆောင် ၂ ဆောင် ထိခိုက်ပျက်စီးသွားခဲ့သည်။
စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် တကူကျေးရွာထဲကို လေယာဉ်ဖြင့် မကြာခဏ လာရောက် ဗုံးကြဲတိုက်ခိုက်လေ့သည်ဟု သိရသည်။
ပြီးခဲ့သည့် မတ်လအတွင်းကလည်း စစ်ကော်မရှင်တပ်က တကူကျေးရွာထဲကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒေသခံ သုံးဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည့်အပြင် နေအိမ်အချို့လည်း ထိခိုက်ပျက်စီးသွားခဲ့သည်။
စစ်တပ်သည် အရပ်သားပြည်သူများ ရှိရာနေရာ၊ စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အဦးများတည်ရှိရာနေရာကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများ ဆက်တိုက် ကျူးလွန်လျက်ရှိပြီး စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေသည်ဟု KNU က ထုတ်ပြန်ထားသည်။




