မွန်ပြည်နယ်၊ ရေးနှင့် သံဖြူဇရပ်မြို့အကြားကားလမ်းပိုင်းတွင် ဖမ်းဆီးခံရသည့် ရေးခရိုင်အထွေထွေအုပ်ချုပ်ရေး ဝန်ထမ်းများ ပြန်လွတ်လာခြင်း မရှိသေးကြောင်း မိသားစုဝင်များနှင့် နီးစပ်သူများထံမှ သိရသည်။
ရေးခရိုင်ထွေ/အုပ်မှ ဌာနခွဲစာရေး ဒေါ်တင်တင်ဝင်း၊ ရေးမြို့နယ်ထွေ/အုပ်မှ အငယ်တန်းစာရေး ဒေါ်နွေးနွေးမာ၊ ရေးမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးရှင်းသန့်ကိုကိုတို့ ၃ ဦးသည် ဧပြီလ ၁၇ ရက်နေ့က သံဖြူဇရပ် – ရေးကားလမ်း ရေးမြို့နယ် လိမ္မော်ခြံကျေးရွာအနီးတွင် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသည့် ဝန်ထမ်းများသည် ယနေ့ထိ ပြန်လွတ်လာခြင်း မရှိသေးဘူးလို့ ဆိုသည်။
“အဖမ်းခံရတဲ့နေ့က ဦးရှင်းသန့်ကိုကိုနဲ့ သူ့မိသားစု အဆက်အသွယ်ရလိုက်သေးတယ်။ အဲ့ဒီနောက်ပိုင်းတော့ ဘာအဆက်အသွယ်မှ မရတော့ဘူး” ဟု မိသားစုဝင်များနှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။
ထွေအုပ်ဝန်ထမ်းများကို ရေးပြောက်ကျားအဖွဲ့ (YGF) က ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သတင်းထွက်နေပြီး အဆိုပါ အကြောင်းအရာနှင့် ပတ်သက်ကာ အသေးစိတ်မေးမြန်းရန် ရေးပြောက်ကျားအဖွဲ့ကို ဆက်သွယ်မေးမြန်းသော်လည်း တစုံတရာအကြောင်းပြန်ခြင်းမရှိသေးပေ။
အလားတူ ပြီးခဲ့သည့် ဧပြီလ ၂၄ ရက်နေ့ကလည်း သံဖြူဇရပ် – ရေးကားလမ်းပိုင်း နှစ်ကရင်ကျေးရွာလမ်းဝအနီးတွင် ခေါဇာမြို့ စိုက်ပျိုးရေးဦးစီးဌာန မြို့တာဝန်ခံ ဦးကျော်သူကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပြီး ဧပြီလ ၂၇ ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။




