Tuesday, May 5, 2026
More
    spot_img
    Homeသတင်းတော်လှန်ရေးတပ်တို့ သိမ်းပိုက်ထားသည့်မြို့များ ဘာကြောင့် ပြန်လက်လွှတ်နေရသလဲ

    တော်လှန်ရေးတပ်တို့ သိမ်းပိုက်ထားသည့်မြို့များ ဘာကြောင့် ပြန်လက်လွှတ်နေရသလဲ

    -

    တော်လှန်ရေး အင်အားစုများ သိမ်းပိုက်ထားသော မြို့များကို လတ်တလောတွင် စစ်အုပ်စုထံ ပြန်လည်လက်လွှတ်မှုများ ရှိလာနေသည်ကို တွေ့ရသည်။

    ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဧပြီ ၉ ရက်က ချင်းညီနောင်တပ်ဖွဲ့များနှင့် မဟာမိတ်တပ်ဖွဲ့ဝင်များ သိမ်းပိုက်ခဲ့သည့် ချင်းပြည်နယ် ဖလမ်းမြို့ကို စစ်အုပ်စုက ၂၀၂၆ ခုနှစ် ဧပြီ ၂၅ ရက်နေ့မှာ ပြန်လည်သိမ်းပိုက်ထိန်းချုပ်ခဲ့သည်။

    အလားတူ တော်လှန်ရေးအင်အားစုများ သိမ်းပိုက်ထိန်းချုပ်ထားသည့် စစ်ကိုင်းတိုင်း အထက်ပိုင်း အင်းတော်မြို့ကိုလည်း စစ်အုပ်စုက ၂၀၂၆ ခုနှစ် ဧပြီ ၃၀ ရက်နေ့တွင် ပြန်လည်သိမ်းပိုက်ထိန်းချုပ်လိုက်သည်။

    တော်လှန်ရေးအင်အားစုတို့တွင် လက်နက်ခဲယမ်း လိုအပ်ချက်ကြောင့် သိမ်းပိုက်မြို့များကို ပြန်လည်ဆုတ်ခွာရခြင်း ဖြစ်ကြောင်း စစ်ဘက်ရေးရာ ဝေဖန်သုံးသပ်သူ CDM ဗိုလ်ကြီးဇင်ယော်က IMNA သို့ ပြောသည်။

    “တော်လှန်ရေးတပ်တွေရဲ့ ခဲယမ်းအင်အားအနေအထားကိုလည်း စစ်တပ်ဖက်က သေသေချာချာ ထောက်လှမ်းသိရှိထားတဲ့ အနေအထားမျိုး သွားတွေ့ရတယ်။ ထို့အတူပဲ အင်းတော်၊ အင်းတော်မှာဆိုရင်လည်း သူတို့ ကသာကနေ စထွက်လာတာ ၉ ရက် ၁၀ ရက်လောက်ကြာတယ်၊ ဒါပေမယ့် နဘားလမ်းဆုံကို ရောက်လာပြီးတဲ့နောက် တိုက်ပွဲကြီးကြီးမားမား မဖြစ်ဘဲနဲ့ တော်လှန်ရေးတပ်တွေက ဆုတ်သွားရတယ်ပေါ့နော်၊ လေကြောင်းပစ်ကူဆိုရင်တောင်မှ အင်းတော်မှဆိုရင် သိသာတယ်၊ ဝင်မယ့်နေ့ကျခါမှဘဲ ပြင်းပြင်းထန်ထန်လေး တစ်ကြိမ် လုပ်သွားတာ တွေ့ရတယ်။ စစ်တပ်က firepower ကို သုံးတယ်၊ ပြီးရင် သူတို့တွေရဲ့ သာလွန်တဲ့ အင်အားကို သုံးတယ်ပေါ့နော်၊ ပြီးရင်တော်လှန်ရေးတပ်တွေကလည်း သူတို့ရဲ့ ခဲယမ်းအခြေအနေကို သိတော့ အပြင်းအထန် မတိုက်ဘဲနဲ့ ဆုတ်ခွာရတဲ့ အနေအထားပဲ။ နှစ်ခုစလုံးကို ကြည့်လိုက်ရင် ခဲယမ်းမှာ သွားစကားပြောတယ်” ဟု ပြောသည်။

    လက်ရှိ နွေဦးတော်လှန်ရေးတစ်စုံလုံး၏ လက်နက်ခဲယမ်းများ၏ ၇၅ ရာခိုင်နှုန်းသည် တရုတ်နိုင်ငံနှင့် ဆက်စပ်နေသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများထံ မှီခိုနေရကြောင်း၊ အဆိုပါ အဖွဲ့များက ခဲယမ်း ဖြတ်တောက်ခြင်း၊ ကန့်သတ်ခြင်း စသည့်ကိစ္စရပ်များကြောင့်ဟု ၎င်းက ဆက်ပြောသည်။

    ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်သော AA-MNDAA-TNLA တို့ ဖော်ဆောင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းမြောက်တွေ မြို့အများအပြားကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည်။
    သို့သော်လည်း တရုတ်၏ ကြားဝင်စေ့မှု၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတို့အား ဖိအားပေးမှုများကြောင့် လားရှိုး၊ ကျောက်မဲ၊ သီပေါအပါအဝင် မြို့အချို့ကို စစ်အုပ်စုက ပြန်လည်ရရှိသွားခဲ့သည်။

    ရှမ်းမြောက်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် စစ်အုပ်စုတို့အကြား အပစ်အခတ်ရပ်စဲလိုက်ရခြင်းကြောင့် အခြားသော ဒေသတို့တွင် စစ်တပ်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နိုင်ခဲ့ကြောင်း ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) မှ အတွင်းရေးမှူး ခွန်ဝေထူးက ပြောသည်။

    “ရှမ်းမြောက် ERO အဖွဲ့တွေက တရုတ်ရဲ့ ညွှန်ကြားချက်အတိုင်း နိုင်ငံရေး အပေးအယူ လုပ်ပြီးတော့ အပစ်ရပ်ခဲ့တာ ဖြစ်တယ်လို့ ဒီလို သုံးသပ်တယ်။အဲဒီလို အပစ်ရပ်လိုက်တဲ့အတွက်ကြောင့် ရှမ်းမြောက်ဒေသတစ်ခွင်မှာ စစ်ကောင်စီနဲ့ အပစ်ရပ်လိုက်တဲ့အတွက်ကြောင့် Line of Control က ပြတ်တောက်သွားတယ်ပေါ့ဗျာ၊ အဲ့ဒီလို Line of Control ပြတ်တောက်သွားတဲ့အတွက် နောက်ဆက်တွဲ စစ်ရေးသက်ရောက်မှုတွေက အလယ်ပိုင်းစစ်ဒေသဖြစ်တဲ့ စစ်ကိုင်း၊ မန္တလေး၊ မကွေး စတဲ့ နယ်မြေတွေမှာ စစ်ကောင်စီက ဖြတ်တောက်ပြီးမှ ထိုးစစ်ဆင်တာမျိုးတွေ ဖြစ်လာပါတယ်။ ဒါကြောင့်မို့လို့ အခြားရွေးချယ်စရာမရှိဘဲ တော်လှန်ရေးဖက်က ခွာစစ်ဆင်ရတယ်ပေါ့၊ အဲ့ဒီအချက်ကပဲ ရရှိထားတဲ့ သိမ်းပိုက်ထားတဲ့ မြို့တွေ၊ နယ်မြေတွေကို ပြန်ပေးလိုက်ရတဲ့ အဓိကအချက်လို့တော့ ကျနော် သုံးသပ်ပါတယ်” ဟု ပြောသည်။

    လက်ရှိတွင် စစ်အုပ်စုသည် အင်းတော်မြို့ကို ပြန်လည်ထိန်းချုပ်ပြီးနောက် အနီးရှိ တော်လှန်ရေးအင်အားစုတို့ ထိန်းချုပ်ထားသော မော်လူးမြို့ကို ထိုးစစ်ဆင်ရန် ပြင်ဆင်နေကြောင်း သိရသည်။

    တဖက်တွင်လည်း ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ မြို့နယ်အနက် ၁၄ မြို့နယ် နှင့် ချင်းပြည်နယ်၊ ပလက်ဝဒေသတို့ကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထားနိုင်သလို ကျန်ရှိသော စစ်တွေ၊ ကျောက်ဖြူ နှင့် မာန်အောင်မြို့တို့အား သိမ်းပိုက်ရရှိရေး စစ်အုပ်စု နှင့် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။

    လက်ရှိ တော်လှန်ရေးအင်အားစုတို့ ထိန်းချုပ်မြို့များ စစ်အုပ်စုထံ ပြန်လည်လက်လွှတ်ရမှုမှာ လက်နက်ခဲယမ်း လိုအပ်ချက် အဓိကဖြစ်နေကြောင်း၊ ထို့ကြောင့် ခဲယမ်းရရှိရေးကိစ္စရပ်များ၊ စစ်တပ်၏ လက်နက်ခဲယမ်း သိုလောင်မှုနေရာတို့တွင် တိုက်ပွဲဖော်ဆောင်မှု လုပ်ရန် လိုအပ်လာကြောင်း နိုင်ငံရေး သုံးသပ်သူများက ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,700SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks