တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ အောက်ပိုင်းကျေးရွာများမှ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည့် စစ်ဘေးရှောင်ပြည်သူအချို့ ဖုန်းလိုင်းပြန်လည်ရရှိပြီး တိုက်ပွဲအခြေအနေငြိမ်သက်လာသဖြင့် နေရပ်ပြန်လာကြသည်ဟု စစ်ဘေးရှောင်ကူညီရေးအဖွဲ့နှင့် ဒေသခံများထံမှ သိရသည်။
လုံခြုံရေးအရစိတ်ချရသည့် အခြေအနေမဟုတ်သော်လည်း စားဝတ်နေရေးအခက်အခဲကြောင့် ဖေဖော်ဝါရီလမှ ထွက်ပြေးတိမ်းရှောင်နေရသည့် ကျေးရွာပေါင်း ၂၀ မှ ဒေသခံအချို့ ရွာအတွင်း ပြန်လည်ရောက်ရှိလာသည်။

“ တစ်ချို့နေရာတွေဆို ဖုန်းလိုင်းပြန်ရနေတာရှိတယ်။ အဲ့ကြောင့် စစ်ဘေးရှောင်တွေက ရွာကို ပြန်လာနေကြတာ ဒါပေမဲ့ အချို့စစ်ရှောင်တွေက မပြန်ရဲတာလဲ ရှိတယ်။ အခြေအနေကို စောင့်ကြည့်နေတယ်။ တစ်ချို့ဆိုလဲ လုံးဝပြန်မရသေးတဲ့ရွာတွေလဲ ရှိတယ် ” ဟု တနင်္သာရီ စစ်ရှောင်အကူအညီပေးနေသူတစ်ဦးက ပြောသည်။
ကျေးရွာပေါင်း (၂၀) ကျော်အနက် စုံစင်ဖျား၊ စုံစင်၊ ချောင်းဝပြင်၊ သရက်ပင်အိုင်၊ ရေချိုချောင်း၊ ဂုံညှင်းဆိပ်၊ ဆီတော၊ ဆီတက်၊ သဲချောင်းသား၊ ဝင်းဝ၊ မင်းဒပ်နှင့် ကနက်သီရိရွာစသည့် ကျေးရွာ (၁၂) ရွာမှ စစ်ဘေးရှောင်များ ဆက်လက်တိမ်းရှောင်နေရသည့် အနေအထားဖြစ်သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းပိုင်းမှစ၍ အမှတ် (၈) ပြည်ထောင်စုလမ်းမကြီး မြိတ်-ထားဝယ်ကားလမ်းပိုင်း သရက်ချောင်းမြို့နယ်အတွင်းရှိ ဒေသခံ ငါးထောင်ဝန်းကျင်ခန့် တောတောင်၊ ဥယျာဉ်ခြံနှင့် လုံခြုံရာနေရာများတွင် စစ်ဘေးရှောင်နေကြရသည်။
အမှတ် ၈ ပြည်ထောင်စုလမ်းမကြီး မြိတ်-ထားဝယ်ကားလမ်းပိုင်းရှိ ဝင်းဝတပ်စခန်းကို စစ်တပ်မှ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် စစ်ကော်မရှင်စစ်ကြောင်းက ကျေးရွာအချို့ရှိ ပြည်သူများ၏ နေအိမ်အတွင်း တပ်စွဲနေထိုင်နေသည့်အပြင် တန်းဖိုးရှိသည့်ပစ္စည်းများ၊ စားစရာများကို စိတ်ကြိုက်ယူဆောင် အသုံးပြုလျှက်ရှိသည်။
“သူတို့ပြန်လို့မရတာ ဒီစစ်တပ်ဘက်က ပြည်သူတွေရဲ့နေအိမ်တွေမှာ တပ်စွဲနေထိုင်နေကြတယ် အိမ်တွေကို လိုက်မွှေတယ် ရှိတဲ့ပစ္စည်းတွေကိုယူတယ် စားသောက်လို့ရတဲ့ဟာဆို စားတယ် စပါးဆိုလဲ သူတို့ဘာသာ ပေါက်စားနေကြတာ ချက်စားနေကြတယ် အိမ်တွေကို မီးမရှို့တာပဲ ကံကောင်းနေပြီးလို့ ပြောရမယ်” ဟု စစ်ဘေးရှောဂ်အမျိုးသမီးတစ်ဦးက ပြောသည်။
လက်ရှိတွင် သရက်ချောင်းမြို့နယ် ကျေးရွာ (၁၂) ရွာမှ စစ်ဘေးရှောင်ပြည်သူ (၅၀၀) ဝန်းကျင်ကို ဒေါနတနင်္သာရီ – စစ်ဘေးရှောင်များအထောက်အကူပြုရေးအဖွဲ့၊ MAGGA Initiative၊ KNSR ထောက်ပို့အဖွဲ့၊ တော်လှန်ရေးတပ်ဖွဲ့များနှင့် ထားဝယ်အမျိုးသားအဖွဲ့ချုပ်တို့ ပူးပေါင်း၍ လိုအပ်သော ကျန်းမာရေးပြုစုစောင့်ရှောက်မှုများ ပြုလုပ်ပေးနေသည်ဟု သိရသည်။
စစ်ကော်မရှင် စစ်ကြောင်းအဖွဲ့များ သရက်ချောင်းမြို့နယ် အတွင်းသို့ နေ့စဉ်စစ်ကြောင်းထိုးလျှက်ရှိပြီး ဒေသတွင်း တော်လှန်းပူးပေါင်းတပ်ဖွဲ့များက ဒရုန်းများအသုံးပြု၍ နေ့စဉ် ပစ်ခတ်မှုလုပ်ဆောင်နေသည်ဟုလည်း သိရသည်။




