Homeသတင်းတိုင်းရင်းသားစာပေသင်ကြားရေး ဆရာ၊ဆရာမများ တိုးမြှင့်ခန့်အပ်နိုင်ရေး လစာနှုန်းထားတိုးမြှင့်ရန်ရှိ

တိုင်းရင်းသားစာပေသင်ကြားရေး ဆရာ၊ဆရာမများ တိုးမြှင့်ခန့်အပ်နိုင်ရေး လစာနှုန်းထားတိုးမြှင့်ရန်ရှိ

-

အခြေခံပညာကျောင်းများတွင် လာမည့်ပညာသင်နှစ်အတွင်း တိုင်းရင်းသားစာပေ သင်ကြားရေး ဆရာ၊ဆရာမများ တိုးမြှင့်ခန့်အပ်နိုင်ရေး လစာနှုန်းထားတိုးမြှင့်သွားရန်ရှိကြောင်း စစ်ကော်မရှင် ပြည်နယ်တိုင်းရင်းသားစာပေယဥ်ကျေးမှုဦးစီးဌာန၏ ထုတ်ပြန်ညွှန်ကြားချက်များအရ သိရသည်။

တိုင်းရင်းသားစာပေသင်ကြားရေး အထောက်ကူပြု  (Teaching Assistant-TA) ဆရာ၊ ဆရာမတစ်ဦး၏ ယခင်လစာ ၁၃,၀၀၀၀ ကျပ်ကို ၁၉၀,၀၀၀ ကျပ်နှုန်းသို့လည်းကောင်း၊ တိုင်းရင်းသားစာပေသင် (Language Teacher- LT) ဆရာ၊ဆရာမတစ်ဦး၏ ယခင်လစာ ၆၀,၀၀၀ ကျပ်ကို ၁၂၀,၀၀၀ကျပ်သို့လည်းကောင်း၊ ၂၀၂၅ ဒီဇင်ဘာလမှစ၍ တိုးမြှင့်ခွင့်ပြုရန် စစ်ကော်မရှင် အစိုးရအဖွဲ့အစည်းအဝေးတွင် သဘောတူဆုံးဖြတ်ခဲ့ပြီးဖြစ်သည်။

တိုင်းရင်းစာပေသင် ဆရာ၊ဆရာမများသည် အခြားမူလတန်းပြ ဆရာ၊ဆရာမကဲ့သို့ ကျောင်းအလုပ်တာဝန်နှင့် ဘာသာရပ်သင်ကြားရေးအပိုင်းကိုပါ တာဝန်ယူဆောင်ရွက်နေရပြီး လုပ်အားခနှင့်အကျိုးခံစားခွင့် မညီမျှခြင်းကြောင့် ကိုဗစ်ကာလနောက်ပိုင်း အလုပ်မှ ရပ်နားမှုနှုန်းမြင့်မားနေပြီး ပြီးခဲ့သည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ဝင်ရောက်လုပ်ကိုင်သူ မရှိသလောက်ဖြစ်လာသည်။

လက်ရှိတွင် ပျမ်းမျှလစာနှုန်းထား ၆၀,၀၀၀ ကျပ်အထိ တိုးမြှင့်ပေးထားသော်လည်း လစ်လပ်နေရာများတွင် ပြန်လည်ခန့်အပ်နိုင်ရန် မသေချာကြောင်း သံဖြူဇရပ်မှ ပညာရေးဝန်ထမ်းတစ်ဦးက ဆိုသည်။

“ ဒီ TA/ LT အလုပ်ကို လျှောက်ချင်တဲ့လူကခပ်ရှားရှားပဲ၊လစာကြောင့်လား၊ ဘာကြောင့်လဲကိုတော့ တပ်အပ်ပြောလို့မရဘူး။ တစ်ချို့ကျောင်းတွေဆို TA/ LT  တာဝန်ကို လုပ်လိုတဲ့သူတွေ မနည်းရှာယူနေရတယ်။” ဟု ပြောသည်။

ပညာရေးဝန်ထမ်းများ၏ ပြောပြချက်အရ ပြီးခဲ့သည့် ၂၀၂၅  ဒီဇင်ဘာလကပင် တိုင်းရင်းသားစာပေသင် TA နှင့် LT ဆရာ၊ဆရာမတစ်ဦး ၁၉၀,၀၀၀ ကျပ်နှင့် ၁၂၀,၀၀၀ ကျပ်နှုန်း ရရှိနေသူများရှိကြောင်းလည်း သိရသည်။

TA နှင့် LT ဆရာ၊ဆရာမများ လစာတိုးမည့်ကိစ္စ ဖြစ်နိုင်ခြေများေသော်လည်း လာမည့်ပညာသင်နှစ်မှ အတည်ပြုနိုင်မည်ဟုလည်း ပညာရေးဝန်ထမ်းများက ပြောသည်။

ယခုတိုးမြှင့်ပေးထားသည့် လစာနှုန်းထားသည် ကုန်ဈေးနှုန်းကြီးမြင့်နေမှုအပေါ် စားဝတ်နေရေးပြဿနာများကို ထိထိရောက်ရောက်ဖြေရှင်းပေး နိုင်မည်မဟုတ်ကြောင်းလည်း မုဒုံမြို့နယ်မှ မွန်တိုင်းရင်းသားစာပေသင်ကြားရေး ကျောင်းဆရာတစ်ဦးက ပြောသည်။

“ကုန်ဈေးနှုန်းတက်လာတဲ့အခြေနေမှာ အနည်းကျဉ်းသာ ဖြေရှင်းနိုင်ပါသည်။ လုပ်သက်ကြီးတဲ့ TA/ LT တွေအတွက် ဘဝ အာမခံချက် မပေးနိုင်သရွေ့ တိုင်းရင်းသားစာပေအကျိုးပြု ဆရာ၊ ဆရာမ ရှားပါးမှုက ဆက်ရှိနေမှာပဲ” ဟု ဆိုသည်။  

တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ တိုင်းရင်းသားစာပေသင် ဆရာ၊ဆရာမများသည် တစ်ပတ်လျှင်သက်ဆိုင်ရာတိုင်းရင်းသားစာပေကို  အနည်းဆုံး ၅ နာရီသင်ကြားပေးရန်တာဝန်ရှိကြောင်း သိရသည်။

မွန်ပြည်နယ်အတွင်း မွန်နှင့်ကရင် တိုင်းရင်းသားစာပေသင်ကြားနေသည့် မြို့နယ် ၈ မြို့နယ်၊ ပအိုဝ်းစာပေသင်ကြား နေသည့် မြို့နယ် ၄ မြို့နယ်ရှိသည်ဟု သိရသည်။

ပြီးခဲ့သည့် ပညာသင်နှစ်တွင် မွန်ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် TA နှင့် LT နေရာများအတွက်  ဆရာ၊ ဆရာမများကို ခေါ်ယူခဲ့သော်လည်း လာရောက်လျှောက်ထားသူ နည်းပါးခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts