ဟံသာရွှေ (အတွေးအမြင်)
လတ်တလော သတင်းများအရ မွန်ပြည်နယ်ရဲ့ နိုင်ငံရေးအခင်းအကျင်းသစ်နဲ့ အစိုးရသစ်ဖွဲ့စည်းမှုမှာ မွန်ညီညွတ်ရေးပါတီရဲ့ လူထုကိုယ်စားလှယ်လွှတ်တော်အမတ်တွေ အစိုးရအဖွဲ့ထဲ ပါဝင်လာပါတယ်။ ၎င်းဖြစ်ရပ်ဟာ မွန်လူထုအတွက် ကြိုဆိုရမယ့်ကိစ္စအရေးထက် မွန်ညီညွတ်ရေးပါတီအတွက် စိန်ခေါ်မှုတွေ ပြည့်နှက်နေတဲ့ လမ်းကို စတင်လျှောက်လှမ်းရတယ်လို့ပဲ မွန်နိုင်ငံရေး လေ့လာသူတို့က ဆိုလာပါတယ်။
အထူးသဖြင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးအဖြစ် ခန့်အပ်ခံလိုက်ရတဲ့ နိုင်လယိတမ နဲ့ မိလဝီဟန်၊ အစိုးရရဲ့ အရေးကြီးကော်မတီတခုရဲ့ ဥက္ကဌ ဖြစ်လာသူ မင်းအောင်ထူးတို့ သုံးဦးရဲ့ အခန်းကဏ္ဍဟာ ပြည်နယ်ရဲ့ သယံဇာတ၊ ရင်းနှီးမြှုပ်နှံမှုနဲ့ တရားမျှတမှုဆိုင်ရာ ကိစ္စရပ်တွေမှာ ထိပ်တိုက်ရင်ဆိုင်မှုတွေ အများကြီး ရှိလာနိုင်တယ်လို့ မှန်းဆပြောကြတာ ရှိနေပါပြီး။
သက်တမ်းနှစ်ခုစာ ဝန်ကြီးဖြစ်လာသူ နိုင်လယိတမနဲ့ သက်ဆိုင်တဲ့ အကြောင်းကို ပြောကြည့်ရအောင်ပါ။ သူဟာ စစ်ကောင်စီရဲ့ အရင်အစိုးရလက်ထက်က စီးပွားရေးရာဝန်ကြီးအဖြစ် တာဝန်ယူခဲ့ဖူးပြီး၊ အခုအစိုးရလက်ထက်မှာ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဖြစ်လာသူဆိုတော့ အတွေ့အကြုံရှိတယ်လို့ ဆိုနိုင်ပေမဲ့ သူကိုင်တွယ်ရမယ့် ပြည်နယ်အတွင်း စီးပွားရေးစီမံကိန်း ဆိုးမွေတွေက အတော်လေး ဆိုးရွားနေပါတယ်။ အရင်စစ်ကောင်စီလက်ထက်က ချမှတ်ခဲ့တဲ့ စီမံကိန်းတွေဟာ လူထုအတွက် ကောင်းကျိုးထက် ဆိုးကျိုးက ပိုများခဲ့တယ်လို့ လူထုကြား ပြောစဆိုစ ရှိခဲ့ကြပါတယ်။

အခု နိုင်လယိတမ အနေနဲ့ အဲဒီစီမံကိန်းတွေကို တာဝန်ဆက်ခံရတဲ့အခါ ပြည်သူတွေရဲ့ ငြိုငြင်မှုကို တိုက်ရိုက်ခံရတော့မှာပါ။ စီမံကိန်းတွေကြောင့် မြေယာဆုံးရှုံးတာ၊ ပတ်ဝန်းကျင်ပျက်စီးတာတွေအတွက် သူကပဲ တာဝန်ခံရမယ့်သူ ဖြစ်နေလို့ လူထုနဲ့ အစိုးရကြားမှာ သူဟာ အားနာစရာ၊ ခါးနာစရာ အကောင်းဆုံး ဝန်ကြီးတစ်ယောက် ဖြစ်လာနိုင်ပါတယ်။
နောက်တစ်ယောက်ကတော့ ရေးမြို့နယ်၊ လွှတ်တော်အမတ် မိလဝီဟန်ပါ။ သူ တာဝန်ယူရတဲ့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနဆိုတာ အခုခေတ်မှာ “နိုင်ငံရေးသမားတွေရဲ့ သုဿာန်” လို့တောင် တင်စားခံနေရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မွန်ပြည်နယ်ရဲ့ ကမ်းရိုးတန်း ဂေဟစနစ်က အတော်လေး ပျက်စီးနေပြီ။ ဒီရေတောတွေ ပြုန်းတီးတာ၊ စနစ်မကျတဲ့ သဲထုတ်ယူတာတွေနဲ့ အဆမတန် ငါးဖမ်းတာတွေက ဒေသခံတွေရဲ့ စားဝတ်နေရေးကို တိုက်ရိုက်ထိခိုက်နေတယ်။
မိလဝီဟန်အနေနဲ့ ဝန်ကြီးတစ်ယောက်အနေနဲ့ လက်ရှိသယံဇာတ ထုတ်ယူရေးကိစ္စတွေကို ခွင့်ပြုပေးရမလား၊ ဒါမှမဟုတ် ပတ်ဝန်းကျင်ကို ကာကွယ်ရမလားဆိုတဲ့ အကျပ်အတည်းကြားမှာ ညှပ်ကြပ်နေမှာပါ။
တကယ်လို့ မွန်ပြည်နယ်အတွင်း ကျိုက်ထိုနဲ့ ဘီလင်းမြို့နယ်ဘက်က ရွှေတူးဖော်ရေးလုပ်ကွက်လိုမျိုး လက်နက်ကိုင်အမျိုးမျိုးတို့ရဲ့ ဆင်ခြင်ခြင်း ကင်းမဲ့စွာ၊ အဆမတန် သယံဇာတတွေ ထုတ်ယူမှုများ မတားဆီးနိုင်ဘူးဆိုရင်၊ ဘီးလူးကျွန်းမှာ တည်ဆောက်မဲ့ ကျောက်းမီးသွေးစက်ရုံလိုမျိုးတွေ ပြည်သူတို့က လက်မခံနိုင်တာကို ကိုင်တွယ်နိုင်ခြင်း မရှိဘူးဆိုရင် ဝန်ကြီးဖြစ်သူ မိလဝီဟန်ရဲ့ နိုင်ငံရေးအနာဂတ်ဟာ ဒီဝန်ကြီးဌာနမှာ တာဝန်ထမ်းဆောင်ခဲ့ပြီးတာနဲ့တင် နိုင်ငံရေးအခန်းကဏ္ဍ နိဂုံးချုပ်သွားနိုင်တယ်လို့ တွက်ဆနေကြတာဟာ အကြောင်းမဲ့တော့ မဟုတ်ပါဘူး။
ဘာလို့လဲဆိုရင် ၂၀၁၆ -၂၀၂၀ ကာလ NLD အစိုးရလက်ထက်မှာ မွန်အမျိုးသားပါတီကနေ ဝန်ကြီးဖြစ်လာသူ ဒေါက်တာမင်းကြည်ဝင်း (သယံဇာတနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး) လည်း မည်ကဲ့သို့သော သယံဇာတထိန်းသိမ်းရေးနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကိစ္စတခုကိုမှ ဆောင်ရွက်သွားနိုင်ခြင်း မရှိပါဘဲ၊ ပြည်သူလူထု၏ အားကိုယ်းယုံကြည်မှု မခံလိုက်ရဘဲ၊ နိုင်ငံရေး အခန်းကဏ္ဍပျောက်ကွယ်ခဲ့ရပါတယ်။
ရေးမြို့နယ်၊ ပြည်နယ်လွှတ်တော်အမတ်ဖြစ်သူ၊ မင်းအောင်ထူးရဲ့ အခန်းကဏ္ဍမှာလည်း စိတ်ဝင်စားစရာ ပိုကောင်းပါတယ်။ သူဟာ ၂၀၂၀ မတိုင်ခင်မထိ အရပ်ဖက်လူမှုအဖွဲ့အစည်းခေါင်းဆောင်ဖြစ်ခဲ့ပြီး၊ ပြည်သူလူထုအရေးအတွက် ဦးဆောင်လှုပ်ရှားခဲ့သူဖြစ်ပါတယ်။ အခုနေအခါမှာ နိုင်ငံရေးသမား လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာပြီးနောက်ပိုင်း၊ အစိုးရရဲ့ ကတိကဝတ်တွေနဲ့ တာဝန်ခံချက်တွေကို စီစစ်ရမယ့် ကော်မတီဥက္ကဋ္ဌ ဖြစ်လာပါတယ်။
ပြောရရင် အစိုးရအဖွဲ့ရဲ့ လုပ်ရပ်တွေ၊ လွှတ်တော်အမတ်များရဲ့ ကတိကဝတ်တွေ စီစစ်ပြီး၊ ၎င်းတို့ရဲ့ စွမ်းဆောင်နိုင်ခြင်း ရှိ/ မရှိ၊ အာဏာပိုင်တွေရဲ့ လာဘ်ပေးလာဘ်ယူမှုတွေနဲ့ မတရားမှုတွေကို စောင့်ကြည့်ရမယ့်ကိစ္စလည်း ကိုင်တွယ်ရပါမ ယ်။ ထိုသို့သော ကိစ္စတွေကို မတို့ထိရင်တောင်မှ ပြည်သူလူထုဘက်က ဆက်စပ်အကြောင်းအရာတွေနဲ့ လာရောက်တိုင်ကြားသူ ရှိကိုရှိနေပါလိမ့်မယ်။
လက်ရှိ မွန်ပြည်နယ်ရဲ့ နိုင်ငံရေးအခြေအနေမှာ အာဏာရှိသူတွေကို ပြန်ပြီး စီစစ်တည့်မတ်ဖို့ဆိုတာ ကျားမြီးဆွဲသလို အန္တရာယ်များပါတယ်။ စီးပွားရေး စီမံကိန်းတွေမှာ ပါဝင်နေတဲ့ အကျိုးစီးပွားတွေကို သွားထိမိရင် မင်းအောင်ထူးအတွက် ရန်လုပ်စော်ကားခံရတာမျိုး ဒါမှမဟုတ် ဖိအားပေးခံရတာမျိုးတွေ မလွဲမသွေ ကြုံရပါလိမ့်မယ်။
ဒီပုဂ္ဂိုလ် သုံးဦးစလုံး ရင်ဆိုင်ရမယ့် ဘုံပြဿနာကတော့ မွန်ပြည်နယ်အတွင်းက သယံဇာတတွေနဲ့ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေပါပဲ။ မုဒုံက စက်မှုဇုန်ဖော်ဆောင်မှုစီမံကိန်းတွေ၊ လေဆိပ်စီမံကိန်းတွေ၊ ရေကြောင်းဆီသင်္ဘော နဲ့ ရေနက်ဆိပ်ကမ်းလိုမျိုး စီမံကိန်းတွေ၊ မြို့သစ်ဖော်လို့ တောင်းဝိုင်းတောင် မြေတူးထုတ်ရေး လုပ်ဆောင်ချက်တွေလည်း ပါဝင်ပါလိမ့်မယ်။
၂၀၂၁ နောက်ပိုင်းကနေ အခုချိန်ထိ အရပ်ဘက်အဖွဲ့အစည်း (Civil Society Organization – CSO) တွေရဲ့ အသံများက တိတ်ဆိတ်နေပါတယ်။ နိုင်ငံရေးပဋိပက္ခကြားက လုံခြုံရေးကို အသားပေးရသလိုမျိုး အမြင်ကပ်ပုဒ်မဖြင့် ဖမ်းစီးထောင်ချခံရခြင်းကို ရှောင်ကြဉ်လိုသူ အရပ်ဖက်အဖွဲ့အစည်းများရဲ့ ဒုက္ခမှာလဲ မနည်းမနောပါ။ အရပ်သားများ မဆိုထားနဲ့ဦး၊ ဘာသာရေးခေါင်းဆောင်တောင် သဘာဝပတ်ဝန်းကျင် ထိခိုက်စေမည့်ကိစ္စ ထောက်ပြပြောဆိုရုံမျှဖြင့် ဖမ်းဆီးထိန်းသိမ်းခံရတဲ့ ဖြစ်ရပ်က သက်သေတရပ် ရှိခဲ့ပါတယ်။
စစ်ကောင်စီအစိုးရအဖွဲ့၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်တဲ့ လှိုင်မြို့သစ်စီမံကိန်းအတွက် တောင်ဝိုင်းတောင်က မြေသားတွေကို တူးယူနေတာဟာ သဘာဝပတ်ဝန်းကျင်နဲ့ ဂေဟစနစ်ကို ပျက်စီးစေနိုင်တယ်လို့ လူမှုမီဒီယာပေါ်မှာ ထောက်ပြဝေဖန်ခဲ့တဲ့ သာသနာနွယ်ဖောင်ဒေးရှင်း ဆရာတော် အရှင်စန္ဒာဇောတိဟာ ဖမ်းဆီးတရားစွဲဆို ခံခဲ့ရပါတယ်။ အနှစ်ချုပ်ရရင်တော့ ပတ်ဝန်းကျင်ထိခိုက်မှုကို စိုးရိမ်ပြီး အရှိန်အဟုန်နဲ့ ဝေဖန်ထောက်ပြခဲ့တဲ့ ဆရာတော်ဟာ စီမံကိန်းရဲ့ နောက်ဆက်တွဲ ဂယက်ကြောင့် ဖမ်းဆီးအရေးယူခံလိုက်ရတာပဲ ဖြစ်ပါတယ်။
ထိုကဲ့သို့သော ဖမ်းဆီးခံရမှုကို ရှောင်ကြဉ်လိုတဲ့ အရပ်ဖက်အဖွဲ့အစည်းများ၏ ထောက်ပြပြောဆိုမှု အားနည်းနေတဲ့အခိုက် ဝန်ကြီးဌာနများရဲ့ လုပ်ရပ်များကို ထောက်ပြမယ့်သူ၊ စီစစ်သုံးသပ်ပေးမယ်သူ မရှိသလို ဖြစ်နေနိုင်တယ်။ ရှေ့ဆက်ကာလမှာ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေကလည်း ဆိုးရွားလာနိုင်ခြေရှိတဲ့အခါ ပြည်သူတွေရဲ့ မကျေနပ်မှုတွေက ရွေးကောက်ခံ လွှတ်တော်အမတ်များ၊ ဝန်ကြီးရာထူး နေရာရလာသူတွေဆီကိုပဲ ဦးတည်လာမှာပါ။
ခြုံငုံသုံးသပ်ကြည့်ရင်တော့ မွန်ပြည်နယ်အစိုးရသစ်မှာ ပါဝင်လာတဲ့ နိုင်လာီတမ၊ မိလဝီဟန်၊ မင်းအောင်ထူး တို့လိုမျိုး ပုဂ္ဂိုလ်တွေဟာ ဆူးခင်းတဲ့လမ်းကို လျှောက်နေရသလိုပါပဲ။
သူတို့အနေနဲ့ မြေယာရောင်းဝယ်ရေးနဲ့ သယံဇာတ ထုတ်ယူဖို့ကိုပဲ လုပ်နိုင်စွမ်းရှိတဲ့ မြန်မာပြည်က စီးပွားရေးသမားတွေ၊ အာဏာပိုင်တွေနဲ့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းချင်တဲ့ လူထုကြားမှာ ဘယ်လို ဟန်ချက်ညီအောင် ထိန်းကျောင်းနိုင်မလဲဆိုတာက သူတို့ရဲ့ နိုင်ငံရေး သိက္ခာကို အဆုံးအဖြတ်ပေးမယ့် အချက်များ ဖြစ်လာပါတော့မယ်။
“အိုးကမပူ စလောင်းကပူ” ဆိုရမလိုပေမဲ့လည်း၊ ထိုသူသုံးဉီး၏ စွမ်းဆောင်ချက်သည် မွန်ညီညွတ်ရေးပါတီအား ကိုယ်စားပြုထားသလို၊ မွန်လူထု၏ အသည်းကြားက မဲတပြားချင်းစီကို ကိုယ်စားပြုနေပါလိမ့်မယ်။
သူတို့ရဲ့ လုပ်နိုင်စွမ်းဟာ မွန်ညီညွတ်ရေးပါတီရဲ့ အနာဂတ်ပုံရိပ်ကိုသာမက၊ မွန်ပြည်နယ်ရဲ့ ရေရှည် တည်တံ့ခိုင်မြဲမှုကိုပါ ဆုံးဖြတ်ပေးသွားမှာ ဖြစ်ပါတယ်။ တကယ်လို့ သူတို့သာ စိန်ခေါ်မှုတွေကို ကျော်လွှားပြီး လူထုဘက်က ရပ်တည်မပြနိုင်ရင်တော့၊ အခု ရရှိထားတဲ့ ရာထူးနေရာတွေဟာ သူတို့အတွက် ဂုဏ်ဒြပ် မဟုတ်ဘဲ နိုင်ငံရေး ထောင်ချောက်တွေသာ ဖြစ်သွားနိုင်ပါတယ်။



