ဟံသာရွှေ (အတွေးအမြင်)
မြန်မာ့နိုင်ငံရေးရဲ့ ရှုပ်ထွေးလှတဲ့ ပဋိပက္ခတွေကြားမှာ ကျွန်တော်တို့များ ထွက်ပေါက်တစ်ခုကို အမြဲတမ်း မျှော်လင့်တောင့်တနေရပါတယ်။ ဒီနေရာမှာ Nassim Nicholas Taleb ရဲ့ ကမ္ဘာကျော်တဲ့ “ငန်းနက်သီအိုရီ” (Black Swan Theory) နဲ့ လက်ရှိအခြေအနေကို ယှဉ်ထိုးပြီး ပဋိပက္ခတွေ ငြိမ်းအေးသွားနိုင်မယ့် လမ်းစတစ်ခုအကြောင်း စဉ်းစားကြည့်လို့ ရပါတယ်။
အရင်ဆုံး ငန်းနက်သီအိုရီဆိုတာကို အလွယ်တကူနားလည်အောင် ပြောရရင်တော့ လူတွေဟာ ငန်းဆိုတာ အဖြူရောင်ပဲ ရှိတယ်လို့ နှစ်ပေါင်းများစွာ ယုံကြည်လာခဲ့ကြတာပါ။ ဒါပေမဲ့ တစ်နေ့မှာ ဘယ်သူမှ မမျှော်လင့်ထားဘဲ အနက်ရောင်ငန်းတစ်ကောင် ပေါ်လာတဲ့အခါ “ငန်းတိုင်းဟာ အဖြူမဟုတ်ပါလား” ဆိုပြီး လူတွေရဲ့ အယူအဆဟောင်းတွေအားလုံး ပြောင်းပြန်လှန်ပစ်လိုက်သလိုမျိုး ဖြစ်ရပ်ကို ဆိုလိုတာပါ။ ဆိုလိုရင်းကတော့ လူတွေက “မဖြစ်နိုင်ဘူး” လို့ တစ်ထစ်ချ တွက်ဆထားတဲ့အရာတစ်ခုဟာ တကယ်တမ်း ဖြစ်လာတဲ့အခါ လောကကြီးကို အကြီးအကျယ် ပြောင်းလဲပစ်နိုင်တာမျိုးပါ။
မြန်မာ့သမိုင်းမှာ စစ်တပ်အကြီးအကဲကနေ သမ္မတ ဖြစ်လာသူတွေဟာ တိုင်းပြည်အတွက် စစ်မှန်တဲ့ ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီကို မဖော်ဆောင်နိုင်ခဲ့ဘူးဆိုတဲ့ အဖြစ်ဟောင်းရဲ့ အတွေ့အကြုံတွေကြောင့် ပြည်သူတွေရဲ့ စိတ်ထဲမှာ “ငန်းမှန်သမျှ အဖြူပဲ” ဆိုသလိုမျိုး စစ်တပ် ခေါင်းဆောင်တိုင်းကတော့ ဒီလိုပဲ ဖြစ်မှာပဲဆိုတဲ့ အမြင်မျိုး စွဲမြဲနေခဲ့တာ ကြာပါပြီ။ ဒါဟာ သမိုင်းက ပေးခဲ့တဲ့ သင်ခန်းစာတွေကြောင့်လည်း ဖြစ်ပါတယ်။

ဒါပေမဲ့ အခုလို တိုင်းပြည်မှာ အဘက်ဘက်က ပဋိပက္ခတွေ ပြင်းထန်နေချိန်မှာ၊ ကျွမ်းကျင်မှုမရှိသော မျက်လှည့်ဆရာတဦးရဲ့ ပုံမှန်ပြကွက်ကို ကြည့်လိုက်ရသလိုမျိုး သမ္မတအသစ် ဖြစ်လာသူ ဦးမင်းအောင်လှိုင်ကသာ မမျှော်လင့်ထားတဲ့ လမ်းကြောင်းသစ်ကို ရွေးချယ်လိုက်မယ်ဆိုရင် အခြေအနေတွေဟာ ငန်းနက်တစ်ကောင် ပေါ်လာသလို ဖြစ်သွားနိုင်ပါတယ်။ ဥပမာအားဖြင့် အကျဉ်းကျနေတဲ့ နိုင်ငံရေးသမားတွေကို လွှတ်ပေးတာ၊ ပြည်ပရောက်နေတဲ့ အင်အားစုတွေကို နိုင်ငံတော် တည်ဆောက်ရေးမှာ ပါဝင်ဖို့ ပြန်ဖိတ်ခေါ်တာ၊ လက်နက်ကိုင်အဖွဲ့အားလုံးနဲ့ တစ်စားပွဲတည်းထိုင်ပြီး အပေးအယူလုပ်တာ၊ ပြီးတော့ အားလုံးက လက်ခံနိုင်မယ့် ဖက်ဒရယ် ဒီမိုကရေစီစနစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဦးဆောင်ရေးဆွဲတာမျိုးတွေပေါ့။
ဒါတွေဟာ လက်ရှိအခြေအနေအရ ကြည့်မယ်ဆိုရင် အင်မတန်မှ ဖြစ်နိုင်ခဲပြီး မဖြစ်နိုင်သလောက် နီးပါး ခက်ခဲလိမ့်မယ်လို့ အားလုံးက ယူဆထားကြပါတယ်။ ဒါပေမဲ့ အဲဒီလို မဖြစ်နိုင်ဘူးလို့ ယူဆထားတဲ့အရာကိုသာ တကယ်တမ်း လုပ်ဆောင်နိုင်ခဲ့ရင် ဒါဟာ မြန်မာ့နိုင်ငံရေးရဲ့ “ငန်းနက်” ဖြစ်လာမှာပါ။ အဲဒီလို ဖြစ်လာခဲ့ရင် နှစ်ပေါင်းများစွာ သွေးထွက်သံယို ဖြစ်နေတဲ့ ပဋိပက္ခတွေဟာ တစ်ဖြည်းဖြည်းချင်း သက်သာရာရသွားပြီး တိုင်းပြည်အတွက် အလွန်ကြီးမားတဲ့ အချိုးအကွေ့တစ်ခု ဖြစ်သွားပါလိမ့်မယ်။
ဒီလိုပြောရခြင်းဟာ ဒါမျိုး ဖြစ်လာလိမ့်မယ်လို့ အာမခံချက်ပေးနေတာမျိုး မဟုတ်သလို၊ မျှော်လင့်ချက်တွေ အလွန်အကျွံ ပေးနေတာမျိုးလည်း မဟုတ်ပါဘူး။ အဓိကကတော့ တိုင်းပြည်အတွင်းမှာ နေ့စဉ်နဲ့အမျှ ခံစားနေရတဲ့ ဒုက္ခတွေနဲ့ ပဋိပက္ခတွေ ငြိမ်းအေးသွားဖို့အတွက် ဘယ်လောက်ပဲ ဖြစ်နိုင်ခြေ နည်းပါစေ၊ ဒီလိုမျိုး မမျှော်လင့်ထားတဲ့ “ငန်းနက်” လို အလှည့်အပြောင်းမျိုးသာ ပေါ်လာခဲ့ရင် မြန်မာပြည်အတွက် ငြိမ်းချမ်းရေးဟာ လက်လှမ်းမီနိုင်တဲ့ အကွာအဝေးကို ရောက်လာမှာဖြစ်ကြောင်း တင်စားပြောဆိုခြင်းသာ ဖြစ်ပါတယ်။
အယူအဆဟောင်းတွေ၊ လမ်းဟောင်းတွေကို စွန့်လွှတ်ပြီး မဖြစ်နိုင်ဘူးလို့ ထင်ရတဲ့ လမ်းသစ်ကို ဖောက်နိုင်မှသာ ပဋိပက္ခတွေရဲ့ အဆုံးသတ်ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။
သို့သော် အဖက်ဖက်က ပြောဆိုလာနိုင်သော Transitional Justice ဟူသောဝေါဟာရကို ပဋိပက္ခကာလအတွင်း ပြစ်မှုကျူးလွန်သူ တစ်စုံတစ်ဦးတိုင်းက ကြောက်ရွံ့နေရင်တော့ ဘာမှလည်း အကောင်းဘက်ကို မဖြစ်လာနိုင်တော့သလိုမျိုး ရှေ့ဆက်ငါးနှစ်ကနေ ဆယ်စုနှစ်နဲ့ချီ ပဋိပက္ခများ ဆက်လက်ကြာမြင့်သွားမည့်အခြေအနေပါ။
နွေအပူကို အန်တုရင်း ရင်ခွင်ပူများ သက်သာရာ သက်သာကြောင်း၊ အေးရာအေးကြောင်း အာသာပြေ စာရေးခြင်းမျှသာ။



