မွန်ပြည်နယ်၊ မုဒုံမြို့နယ် အမှတ်(၈) ကားလမ်းမကြိး၊ ရောင်းဒေါင်း-ကွမ်လှာလမ်းပိုင်းတွင် ယနေ့နံနက်ပိုင်းတွင် နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားပြီး၊ ရွာအပြင်ဘက်တွင် လက်နက်ကြီးများပါ ကျရောက်ပေါက်ကွဲနေကြောင်း မုဒုံ သတင်းအရင်းအမြစ်များထံမှ သိရသည်။
ယနေ့ နံနက် ၈ နာရီခွဲအချိန်တွင် ရောင်းဒေါင်း-ကွမ်လှာလမ်းပိုင်း၌ စစ်ကော်မရှင်တပ်ဖွဲ့နှင့် ဒေသအတွင်းလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့တို့မှ မိနစ် ၂၀ ခန့် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“ဒီနေ့မနက်ပိုင်း ၈ နာရီခွဲလောက်မှာ ဖြစ်သွားတာ အပြန်အလှန်ပဲ ပစ်တယ်။ တစ်ဖက်တော့ မဟုတ်ဘူး။ သေနတ်သံက ဟိုဘကိဒီဘက် ပစ်နေတဲ့ပုံပဲ။ လက်နက်ကြီးရော လက်နက်ငယ်ရောပဲ ပစ်တယ် လက်နက်ကြီးက ရွာအပြင်ဘက်မှာပဲ ကျသွားတယ်။ ဘယ်သူမှ မထိဘူးလို့ထင်တာပဲ တိုက်ပွဲကတော့ မိနစ် ၂၀ လောက်တော့ ဖြစ်သွားတယ်” ဟု ဆိုသည်။
နှစ်ဖက်တိုက်ခိုက်မှုဖြစ်ပွားနေစဉ် စစ်ကာ်မရှင်ဘက်မှ လက်နက်ကြီး ၃ ကြိမ် ထက်မနည်း ပစ်ခတ်မှုလုပ်ဆောင်ခဲ့ပြီး ရောင်းဒေါင်းရွာအပြင်ဘက်တွင် ကျရာက်ပေါက်ကွဲခဲ့သည်။
ပြီးခဲ့သည့် ဧပြီ ၄ ရက်နေ့ကလည်း မုဒုံမြို့နယ် အမှတ် (၈) ကားလမ်းမကြီး၊ ရောင်းဒေါင်း နှင့် ကွမ်လှာ ကျေးရွာကြားရှိ ဇရပ်တစ်နေရာတွင် နေရာချထားသည့် စစ်တပ်ကို ရာမညမွန်တပ်တော်(RMA)မှ ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့သေးသည်။
အဆိုပါ လမ်းပိုင်းတစ်ဝိုက် အထိနာနေသည့် စစ်ကော်မရှင်အဖွဲ့သည် ၄င်တို့ဘက်မှ ပြန်လည်တုန့်ပြန်ရန်ရှိသဖြင့် ဒေသခံပြည်သူများ အသွားအလာသတိရှိ လာရောက်ပြောဆိုထားကြောင်းလည်း သိရသည်။
“အရင်က တိုက်ပွဲဖြစ်သွားတာ စစ်တပ်ဘက်က အထိများနေတာ အဲ့ကြောင့်သူတို့ ဒေသခံတွေကို ပြောထားတယ် သူတို့ ပြန်ကလဲ့စားချေးမယ် သတိထားပြီးနေကြတဲ့ ပြီးတော့ ဒီတလောသူတို့ အင်းအားတွေထပ်ဖြည့်တယ် ကင်းလှည်းတာတွေ ဆက်တိုက် လုပ်နေတယ်” ဟု အထက်ပါ ဒေသခံ အမျိုးသမီးက ဆက်ပြောသည်။
မကြာခဏ ဝင်ရောက်တိုက်ခိုက်နေမှုကြောင့် ရောင်းဒေါင်း၊ ကွမ်လှာရွာအတွင်း စစ်ကော်မရှင်အဖွဲ့မှ စစ်အင်အားထပ်မံဖြည့်တင်းကာ ကျေးရွာအတွင်းနှင့် အနီးတစ်ဝိုက်ကို လုံခြုံရေးအထူးတင်းကြပ်ထားကြောင်းလည်း သိရသည်။
ပြီးခဲ့သည့် ဧပြီလ ၇ ရက်နေ့တွင်လည်း သံဖြူဇရပ်မြို့နယ်၊ ထင်းရူးကျေးရွာရှိ စစ်တပ်စခန်းကို ရာမညမွန်တပ်တော် (RMA) နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ တပ်သား ၆ ဦး သေဆုံးကာ ၈ ဦး ဒဏ်ရာရရှိခဲ့သေးသည်။



