Saturday, April 11, 2026
More
    spot_img
    Homeသတင်းလောင်းကစားဝိုင်းဦးဆောင်ဖွင့်လှစ်နေသည့် ကလော့သော့ဒေသခံအမျိုးသားတစ်ဦးကို NMSP-AD မှ ဖမ်းဆီးစစ်ဆေး

    လောင်းကစားဝိုင်းဦးဆောင်ဖွင့်လှစ်နေသည့် ကလော့သော့ဒေသခံအမျိုးသားတစ်ဦးကို NMSP-AD မှ ဖမ်းဆီးစစ်ဆေး

    -

    မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကလော့သော့ကျေးရွာ၌ လောင်းကစားဝိုင်းဦးဆောင်ဖွင့်လှစ်နေသည့် အသက် (၅၀) အရွယ် ကလော့သော့ဒေသခံ နိုင်မြင့်နိုင်ဆိုသူကို မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း မိသားစုနှင့် နီးစပ်သူများထံမှတစ်ဆင့် သိရသည်။

    ကလော့သော့ဒေသခံများ၏ ပြောကြားချက်အရ ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့က မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD မှ နိုင်မြင့်နိုင်အား တွေ့ဆုံမေးမြန်းရန်ရှိကြောင်း ဖုန်းဖြင့်ဆက်သွယ်ခဲ့ပြီး ချိန်းဆိုထားသည့်နေရာသို့ သွားရောက်တွေ့ဆုံစဉ် ဖမ်းဆီးခံခဲ့ရသည်ဟု ဆိုသည်။

    “နေအိမ်မှာလာဖမ်းတာတော့ မဟုတ်ဘူး။ မြင့်နိုင်နဲ့အပြင်မှာ တွေ့ဆုံပြီးတော့ မေးမြန်းဖို့ရှိလို့ဆိုပြီးတော့ သူ့ဆီကိုဖုန်းဆက်လာတာ။ အဲ့နောက်ပိုင်း ဖမ်းဆီးခံရတယ်။ အခုက AD ရဲ့ စစ်ဆေးရေးရုံးမှာရှိနေတယ်လို့ သူ့အစ်မတွေ ပြောနေတာကြားတယ်။” ဟု ကလော့သော့ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

    ဖမ်းဆီးခံရပြီး ရက်ပိုင်းအကြာတွင် မိသားစုဝင်များက မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD ၏ မော်လမြိုင်ခရိုင် စစ်ဆေးရေးရုံးတွင် ထိန်းသိမ်းခံထားရကြောင်း ကြားသိရပြီး လက်ရှိတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် မိသားစုဝင်များက အမှုကိစ္စအတွက် ပြင်ဆင်နေကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောကြားထားသည်။

    “သူ့အစ်မက လိုက်စုံစမ်းနေတာ၊ အဲ့ဒီကိုသွားဖို့။ အမိန့်ချမလား၊ ခေါ်ယူပြီး သတိပေးတာသက်သက်ပဲလားဆိုတာ ဘာမှမသိရသေးဘူး။ ဖမ်းဆီးပြီးတဲ့နောက်ပိုင်း သူ့အစ်မလည်း တစ်ခါမှ သွားမတွေ့ရသေးဘူး။” ဟု ဆိုသည်။

    ဖမ်းဆီးခံထားရသူ နိုင်မြင့်နိုင်သည် နယ်မြေခံရဲတပ်ဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ကလော့သော့ မီးရထားသံလမ်းရပ်ကွက်အတွင်း လောင်းကစားဝိုင်း နှစ်ရှည်ကြာ ဖွင့်လှစ်ထားသူဖြစ်သည်။

    ထို့အပြင် လောင်းကစားသမားများမှ ခိုးယူလုယက်လာသည့် တန်ဖိုးရှိပစ္စည်းများအား အပေါင်ငွေ ထုတ်ပေးနေမှုကြောင့် ဒေသခံများနှင့် လူမှုရေးပြဿနာများ မကြာခဏ ဖြစ်ပေါ်နေကြောင်း သိရသည်။

    ထို့ကြောင့် လောင်းကစားအမှုဖြင့် ဖမ်းဆီးထိန်းသိမ်းထားသည့် နိုင်မြင့်နိုင်အား မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD မှ မည်သို့ စီရင်ဆုံးဖြတ်မည်ကို သိရှိနိုင်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများထံ IMNA မှ ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

    စစ်တပ်အာဏာသိမ်းကာလအတွင်း မုဒုံတွင် စစ်ကော်မရှင်အဖွဲ့နှင့် အချိတ်အဆက်ရှိသူများ လောင်းကစားဝိုင်းနှင့် မူးယစ်ဆေးဝါးရောင်းဝယ်သည့် လုပ်ငန်းများကို တရားဝင်သဖွယ် ပြုလုပ်လာကြသည့်အပေါ် ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့များ အရေးယူဆောင်ရွက်မှု လုပ်ဆောင်ပေးရန်လည်း ဒေသခံများလိုလားနေကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,500SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks