Homeသတင်းမွန်သံဃာတစ်ပါးကို တရားမဝင်နေထိုင်မှုဖြင့် ထိုင်းအာဏာပိုင်မှ လူဝတ်လဲဖမ်းဆီး

မွန်သံဃာတစ်ပါးကို တရားမဝင်နေထိုင်မှုဖြင့် ထိုင်းအာဏာပိုင်မှ လူဝတ်လဲဖမ်းဆီး

-

ထိုင်းနိုင်ငံ၊ ချွန်ဖွန်ခရိုင်၊ ပသီယူမြို့နယ် (Pathio District)၊ ခေါင်းချိုင်ရတ်ကျေးရွာအုပ်စု (Khao Chaiyarat Subdistrict) အတွင်းရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းတွင် တရားမဝင် ဝင်ရောက်နေထိုင်နေသည့် မွန်သံဃာတစ်ပါးကို ထိုင်းအဏာပိုင်များက ဖမ်းဆီးရခဲ့ကြောင်း သိရသည်။

ဧပြီ ၇ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် ဒေသခံများက ခေါင်းချိုင်ရတ်ကျေးရွာအုပ်စုရှိ ဘုန်းကြီးကျောင်းအတွင်း မျက်နှာစိမ်း သံဃာများ တရားမဝင် နေထိုင်နေကြောင်း ချွန်ဖွန်ခရိုင် လုံခြုံရေးတာဝန်ရှိသူများထံ တိုင်ကြားခဲ့သည်။

ထို့ကြောင့် ချွန်ဖွန်ခရိုင် ထိုင်းရဲတပ်ဖွဲ့များ၊ ထိုင်းသံဃာတော်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်း၍ အဆိုပါဘုန်းကြီးကျောင်းအား ဝင်ရောက်စစ်ဆေးခဲ့ကာ ယိန်လိုင် (Yean Lai / เยี่ยน ลาย) ဟု ခေါ်သည့် မြန်မာနိုင်ငံသား မွန်လူမျိုး သံဃာတစ်ပါး  အထောက်အထားမဲ့ နေထိုင်နေသည်ကို စိစစ်တွေ့ရှိခဲ့သည်။

ဖမ်းဆီးခံရသူ မွန်သံဃာက ၎င်းသည်ဝါတော်  ၅ ဝါ သက်တမ်းရှိသည်ဟုဆိုသော်လည်း သက်ဆိုင်ရာ ဘုန်းကြီးကျောင်းထောက်ခံစာ တစ်စုံတစ်ရာမရှိသည့်အပြင် အခြားအထောက်အထားများလည်း မတွေ့ရသဖြင့် ထိုင်းရဲတပ်ဖွဲ့က လူဝတ်လဲစေကာ ဖမ်းဆီးခဲ့သည်ဟု သိရသည်။

ထိုင်းရဲတပ်ဖွဲ့များက ကျောင်းအတွင်းရှိ ဦးဇင်း ၅ ပါးကိုလည်း တွေ့ဆုံမေးမြန်ခဲ့ပြီး ၎င်းအထဲမှ ထိုင်းနိုင်ငံသား ဦးဇင်းတစ်ပါးသာ သက်သေခံစာရွက်စာတမ်းအပြည့်အစုံရှိကြောင်း သိရသည်။

မွန်လူမျိုးများဟု ဟုယူဆရသည့် အခြားသံဃာ ၃ ပါးကို ကန်ချနဘူရီခရိုင်၊ စံခလဘူရီမြို့နယ်ရှိ ဘုန်းကြီးကျောင်းများမှ နေထိုင်ခွင့် အထောက်အထားသက်သေပြနိုင်ခဲ့ပြီး မူလကျောင်းသို့ ပြန်လည်သွားရောက်ရန် ညွှန်ကြားခံခဲ့ရသည်။

ဖမ်းဆီးရမိခဲ့သည့် အထောက်ထားမဲ့ မွန်သံဃာကို “ခွင့်ပြုချက်မရှိဘဲ နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေထိုင်ခြင်း” ဆိုသည့် အမှုဖွင့် ချွန်ဖွန်ခရိုင်ရဲစခန်းမှာ အရေးယူဆောင်ရွက်မှုများ ဆက်လက်ပြုလုပ်နေကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,500SubscribersSubscribe

Latest posts