ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ် CEIR (Central Equipment Identity Register) စတင် အသက်ဝင်လာပြီးဖြစ်သဖြင့် IMEI (International Mobile Equipment Identity) နံပါတ် မှတ်ပုံမတင်ထားသည့်ဖုန်းများ မြန်မာကွန်ယက် ဆက်လက်အသုံးမပြုနိုင်တော့မည်ကို အသုံးပြုသူများကြား စိုးရိမ်လျှက်ရှိသည်။
မိုဘိုင်းဖုန်း အသုံးပြုသူများအနေဖြင့် CEIR စနစ် စတင်အသက်ဝင်ပြီးဖြစ်သော်လည်း သက်မှတ်ရက်အတွင်း ဆင်းကဒ် နှစ်ခုထည့်သွင်းအသုံးမပြုထားခြင်း၊ E Sim လုပ်ဆောင်ရန် ကျန်ရှိနေခြင်းကြောင့် ယွက်ယက်အသုံးပြုမှု ဖြတ်တောက်ခံရမည်ကို စိုးရိမ်နေခြင်းဖြစ်သည်။
စစ်ကော်မရှင် ပြန်ကြားရေး၏ ထုတ်ပြန်ချက်များအရ မတ်လ ၃၁ ရက်နေ့မတိုင်မီ ဆင်းကဒ်ထည့်အသုံးပြုထားပြီးဖြစ်သော ဖုန်းများ အလိုအလျောက် မှတ်ပုံတင်ပေးသွားမည်ဖြစ်ပြီး ယင်းဖုန်းများသည် အခွန်ဆောင်ရန်မလိုဘဲ ဆက်လက်အသုံးပြုနိုင်မည်ဟု သိရသည်။

သို့သော် ဆင်းကဒ် ထည့်သွင်းအသုံးမပြုရသေးသည့် ဖုန်းများ (သို့မဟုတ်) အသစ်ဝယ်ယူထားသည့် ဖုန်းများအတွက် (MPT၊ ATOM ၊ U9 ၊ Mytel) စသည့် ဆင်းကဒ်များကို ချိတ်ဆက်အသုံးပြုသည့်ရက်မှစ၍ ရက်ပေါင်း ၃၀ အတွင်း CEIR စနစ်တွင် မှတ်ပုံတင်ခြင်းနှင့် သက်ဆိုင်ရာအခွန်များ ပေးဆောင်ခြင်းမရှိပါက ဖုန်းခေါ်ဆိုမှုနှင့် အင်တာနက်ဝန်ဆောင်မှုများ ပိတ်ပင်ခံရနိုင်သည့် အခြေအနေရှိနေကြောင်း သိရသည်။
“အခွန်မဆောင်ရသေးတဲ့ ဖုန်းတွေက သတ်မှတ်နှုန်းထားအတိုင်း အခွန်ဆောင်ရပါမယ်။ အခွန်မဆောင်ထားရင် အဲဒီဖုန်းမှာ ဆင်းကဒ်ထည့်သွင်းပြီး အသုံးပြုလို့ ရမှာမဟုတ်ပါဘူး။ အခွန်မဆောင်ထားလို့ အသုံးပြုမှုကို ကန့်သတ်ထားနိုင်ပါတယ်။ အခွန်မဆောင်ထားတဲ့ ဖုန်းဟာ ဝိုင်ဖိုင်နဲ့ပဲ အသုံးပြုလို့ရမှာဖြစ်ပါတယ်” ဟု မြန်မာအင်တာနက်ပရောဂျက် ဒီဂျစ်တယ်အခွင့်အရေးလေ့လာသူ ကိုသစ်ဉာဏ်က ဆိုသည်။
ပြည်ပမှ ဝင်ရောက်လာသည့် မိုဘိုင်းဖုန်းများလည်း ပြည်တွင်းတွင် အသုံးပြုလိုပါက သတ်မှတ်ကာလတစ်ခုအထိ ကွန်ရက်အသုံးပြုခွင့်ကို ခွင့်ပြုထားမည်ဖြစ်ပြီး CEIR စနစ်သစ်၏ စည်းမျဉ်းအတိုင်း သက်ဆိုင်ရာအခွန်များကို ပေးဆောင်ကာ မှတ်ပုံတင်ရမည်ဖြစ်သည်။
စစ်ကော်မရှင်၏ ထုတ်ပြန်ချက်များအရ အကောက်ခွန်ဦးစီးဌာနထံ တရားဝင်အခွန်မဆောင်ထားသည့် ဖုန်းများ ဆက်သွယ်ရေးကွန်ရက် (SIM Card) အသုံးပြုနိုင်ရန်အတွက် ဖုန်းတန်ဖိုး၏ ၃၇ ရာခိုင်နှုန်းခန့်အထိ အခွန်ပေးဆောင်ရမည်ဖြစ်သည်။
“၁၀ သိန်းတန် ဖုန်းတစ်လုံးအတွက် အခွန် ၃ သိန်း ခွဲကျော် ကျသင့်မှာဖြစ်ပါတယ်။ ၂၀ သိန်းတန်းဖုန်းတစ်လုံးလျှင် ၇ သိန်းခန့် အခွန်ပေးဆောင်ရမယ်” ဟု မွန်ပြည်နယ် မော်လမြိုင်မြို့မှ ဖုန်းရောင်းဝယ်နေသူတစ်ဦးက ဆိုသည်။
IMEI နံပါတ် မှတ်ပုံတင်ခြင်းနှင့် အခွန်ပေးဆောင်ရာတွင် CEIR ဝဘ်ဆိုဒ်တွင် သွားရောက်ပြီး မိုဘိုင်းဘဏ်စနစ်များနှင့် အခြားအီလက်ထရွန်နစ်ငွေပေးချေမှုစနစ်များကို အသုံးပြုကာ ငွေသွင်းနိုင်ကြောင်း ဖော်ပြထားသည်။
သို့သော်လည်း CEIR စနစ်သည် စစ်ကော်မရှင်၏ နိုင်ငံရေးနှင့် ပက်သက်ဆက်နွှယ်သူများ အပါအဝင် ပြည်သူများကို ခြေရာခံ ထိန်းချုပ်ရန်အတွက် စီစဉ်ထားသဖြင့် ပြည်သူများအနေဖြင့် ကွန်ယက်သုံးစွဲမှုကို အထူးသတိရှိရန် လိုအပ်ကြောင်း နည်းပညာကျမ်းကျင်သူများက အကြံပြုထားသည်။
IMNA မှ ဆက်သွယ်မေးမြန်းချက်များအရ CEIR စနစ် စတင်အသက်ဝင်လာပြီးဖြစ်သော်လည်း ပြည်တွင်းနှင့် နိုင်ငံခြားမိုဘိုင်ဖုန်း အသုံးပြုသူများ ဆက်သွယ်ရေးကွန်ရက် ဖြတ်တောက်ခံရခြင်းမျိုး မရှိသေးကြောင်းလည်း သိရသည်။



