Friday, April 10, 2026
More
    spot_img
    Homeသတင်းနိုင်ငံတကာ သတင်းဟော်မုဇ်ရေလက်ကြား ပြန်မဖွင့်ပါက အီရန်အခြေခံအဆောက်အအုံများကို တိုက်ခိုက်မည်ဟု ထရမ့်ခြိမ်းခြောက်

    ဟော်မုဇ်ရေလက်ကြား ပြန်မဖွင့်ပါက အီရန်အခြေခံအဆောက်အအုံများကို တိုက်ခိုက်မည်ဟု ထရမ့်ခြိမ်းခြောက်

    -

    အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အီရန်အား ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို ပြန်လည်ဖွင့်လှစ်ပေးရန် တောင်းဆိုထားပြီး မလိုက်နာပါက အီရန်နိုင်ငံအတွင်းရှိ အရပ်ဖက် အခြေခံအဆောက်အအုံများကို တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ပြောကြားခဲ့သည်။

    ခြိမ်းခြောက်ပြောဆိုမှုကို ဧပြီ ၅ ရက်နေ့က ထရမ့်၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ရေးသားခဲ့ပြီး လျှပ်စစ်ဓာတ်အားပေးစက်ရုံများနှင့် တံတားများကို အဓိကပစ်မှတ်ထားမည်ဟုလည်း ရေးသားထားသည်။

    “လာမဲ့ အင်္ဂါနေ့မှာ အီရန်အတွက် လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေနဲ့ တံတားတွေ ပျက်စီးသွားမယ့်နေ့ ဖြစ်လာနိုင်တယ်။ အဲဒီရေလက်ကြားကို အမြန်ဆုံး ပြန်ဖွင့်ပါ။ မဟုတ်ရင် ပြင်းထန်တဲ့ အကျိုးဆက်တွေ ရင်ဆိုင်ရလိမ့်မယ်” ဟု သမ္မတဒေါ်နယ်ထရမ့်က ရေးသားထားသည်။

    အီရန်အာဏာပိုင်များက အမေရိကန်ဘက်မှ ထုတ်ပြန်သော ခြိမ်းခြောက်မှုများကို ပြင်းပြင်းထန်ထန် ရှုတ်ချထားပြီး အီရန်၏ အရပ်ဘက်အခြေခံအဆောက်အအုံများကို တိုက်ခိုက်ပါက ပြန်လည်တုံ့ပြန်သွားမည်ဟု သတိပေးထားသည်။

    ကုလသမဂ္ဂဆိုင်ရာ အီရန်ကိုယ်စားလှယ်အဖွဲ့ကလည်း ထရမ့်၏ ခြိမ်းခြောက်မှုသည် အီရန်ပြည်သူများ၏ အသက်မွေးဝမ်းကျောင်းနှင့် မရှိမဖြစ် လိုအပ်သည့် အရင်းအမြစ်များကို ပစ်မှတ်ထားခြင်းဖြစ်ပြီး နိုင်ငံတကာဥပဒေများအရ စစ်ရာဇဝတ်မှုဖြစ်နိုင်ကြောင်း ထောက်ပြထားသည်။

    ပြီးခဲ့သည့် မတ်လ ၂၆ ရက်နေ့တွင် ဒေါ်နယ်ထရမ့်က အီရန်အား ၁၀ ရက်အတွင်း ရေလက်ကြားကို ပြန်ဖွင့်ပေးရန် သတိပေးထားခဲ့သဖြင့် လက်ရှိတွင် သတ်မှတ်ထားသည့် ရက်ကန့်သတ်ချက် နီးကပ်လာနေပြီဖြစ်သည်။

    တစ်ဖက်တွင်လည်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်အနေဖြင့်  အီရန်ရှိ အမေရိကန်တပ်ဖွဲ့များကို ၂ ပတ်မှ ၃ ပတ်အတွင်း ပြန်လည်ရုပ်သိမ်းသွားမည်ဟု မတ်လ ၃၁ ရက်နေ့တွင် ပြောကြားထားပြီး လက်ရှိအချိန်ထိ တပ်ကို မရုပ်သိမ်းသေးပေ။

    ဟော်မုခ်ရေလက်ကြားသည် ကမ္ဘာ့ရေနံတင်ပို့မှုအတွက် အရေးပါသည့် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတစ်ခုဖြစ်ပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်နေ့က အမေရိကန်နှင့် အစ္စရေးတို့မှ အီရန်ကို စတင်တိုက်ခိုက်ပြီးနောက် သင်္ဘောသွားလာမှုများ ရပ်တန့်သွားခဲ့သည်။

    ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှုကြောင့် ကမ္ဘာလုံးဆိုင်ရာ ရေနံနှင့် သဘာဝဓာတ်ငွေ့ တင်ပို့မှုများအပါအဝင် အရေးပါသည့် ကုန်စည်ထောက်ပံ့ရေးကွင်းဆက်များ ထိခိုက်လျက်ရှိပြီး လောင်စာဈေးနှုန်းများလည်း သိသိသာသာ မြင့်တက်လာကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,500SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks