Monday, March 30, 2026
More
    spot_img
    Homeသတင်းပြည်သူ့လွှတ်တော်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဒုတိယသမ္မတလောင်း အမည်စာရင်းတင်သွင်း

    ပြည်သူ့လွှတ်တော်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဒုတိယသမ္မတလောင်း အမည်စာရင်းတင်သွင်း

    -

    အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မတ်လ ၃၀ ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဒုတိယသမ္မတလောင်းအဖြစ် ဒေါက်တာကျော်ကျော်ဌေး (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ) က အမည်စာရင်းတင်သွင်းခဲ့သည်။

    စစ်ခေါင်းဆောင်နှင့်အတူ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) မှ တောင်တွင်းကြီး အမတ် ဒေါက်တာကျော်ဆွေလည်း ဒုတိယသမ္မတလောင်းအဖြစ် အမည်စာရင်းတင်သွင်းခံရသည့်အတွက် ဒုသမ္မတလောင်းတစ်ဦးကို မဲခွဲဆုံးဖြတ်ရမည်ဖြစ်သည်။

    ၎င်းပြင် အမျိုးသားလွှတ်တော်တွင်လည်း ဒုတိယသမ္မတလောင်းအဖြစ် အမည်စာရင်းတင်သွင်းမှုနှစ်ခုရှိခဲ့ပြီး USDP ပါတီမှ ကရင်ပြည်နယ် အမှတ် (၂) မဲဆန္ဒနယ်မှ ဒေါ်နန်းနီနီအေးနှင့် ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) ဥက္ကဋ္ဌ ကချင်ပြည်နယ် အမှတ် (၂) မဲဆန္ဒနယ်မှ ဒေါက်တာမနမ်တူးဂျာတို့ကို အမည်စာရင်းတင်သွင်းခဲ့ကြသည်။

    သမ္မတကို ရွေးချယ်ရန် ပြည်သူ့လွှတ်တော်မှ ဒုတိယသမ္မတတစ်ဦး၊ အမျိုးသားလွှတ်တော်မှ တစ်ဦးနှင့် စစ်သားကိုယ်စားလှယ်များက တစ်ဦး အမည်စာရင်းတင်သွင်းပြီးမှ သမ္မတရွေးချယ်ရေးအဖွဲ့က ပြန်လည်ရွေးချယ်မည် ဖြစ်သည်။

    “သူက တပ်ကနေတင်မှ သမ္မတဖြစ်တယ်ဆိုတာမျိုးကို မလိုချင်လို့ ဖြစ်နိုင်ပါတယ်။ ပြီးခဲ့တဲ့ အစဉ်အဆက်က နိုင်ငံတော်သမ္မတတွေဆိုတာကလည်း ဥပမာ ဦးထင်ကျော်တို့၊ ဦးဝင်းမြင့်တို့ဆိုတာကလည်း ပြည်သူ့လွှတ်တော်ကနေ တင်သွင်းခဲ့ကြတာမျိုးဆိုတော့ သူ့ကို တပ်ကနေ တင်တာမျိုးမဟုတ်ဘဲ အနိုင်ရပါတီက တင်မြှောက်လို့ သမ္မတလုပ်ရပါတယ်ဆိုတာမျိုး လုပ်တာဖြစ်နိုင်ပါတယ်။” ဟု ရွေးကောက်ပွဲနှင့် လွှတ်တော်များ လေ့လာစောင့်ကြည့်သူ ကိုထင်ကျော်အေးက သုံးသပ်သည်။

    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အာဏာသိမ်းကာလအတွင်း ဖွဲ့သည့် စစ်ကောင်စီ၊ စစ်ကော်မရှင်များတွင် ဥက္ကဋ္ဌအဖြစ် ကိုယ်တိုင် ခန့်အပ်ခဲ့သလို နိုင်ငံတော် ယာယီသမ္မတရာထူးနှင့် ကာကွယ်ရေးဦးစီးချုပ်ရာထူးများကိုပါ တစ်ဦးတည်း ရယူထားခဲ့သူဖြစ်သည်။

    အကယ်၍ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုသာ အဆင့်ဆင့်ရွေးချယ်ပြီး နိုင်ငံတော်သမ္မတအဖြစ် တင်မြှောက်မည်ဆိုပါက မြန်မာနိုင်ငံသည် အာဏာသိမ်းကာလနှင့် မထူးသည့် အခြေအနေများတွင်သာ ဆက်ရှိနေမည်ဖြစ်ပြီး နိုင်ငံတကာတွင် စစ်တပ်အုပ်ချုပ်သည့်အခြေအနေသာ ဆက်လက်ရှုမြင်ခံရမည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများက ဆိုသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,300SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks