Monday, March 30, 2026
More
    spot_img
    Homeသတင်းသရက်ချောင်းတွင် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အမျိုးသမီး နှစ်ဦး ထိခိုက်ဒဏ်ရာရ

    သရက်ချောင်းတွင် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အမျိုးသမီး နှစ်ဦး ထိခိုက်ဒဏ်ရာရ

    -

    တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်တွင် စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသအတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။

    ယမန်နေ့ မတ်လ ၂၉ ရက်နေ့ နံနက်ပိုင်းက သရက်ချောင်းမြို့နယ် အောက်ပိုင်းရှိ စုံစင်ကျေးရွာထဲကို စစ်ကော်မရှင်တပ် Y12 လေယာဉ်ဖြင့် ဗုံးကြဲချ တိုက်ခိုက်ခဲ့သည်။

    လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ အမျိုးသမီး နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့်အပြင် ဆိုင်ကယ်နှင့် နေအိမ်အချို့လည်း ထိခိုက်ပျက်စီးမှု ရှိသည်ဟု ဆိုသည်။

    အလားတူ မတ်လ ၂၉ ရက်နေ့ ညနေပိုင်းတွင်လည်း သရက်ချောင်းမြို့နယ်၊ သပြူချောင်းကျေးရွာကို စစ်ကော်မရှင်တပ်က တိုက်လေယာဉ်ဖြင့် ပေါင် ၂၅၀ ဗုံး နှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး မူလတန်းစာသင်ကျောင်း ထိခိုက်ပျက်စီးသွားသည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်ထားသည်။

    သရက်ချောင်းမြို့နယ် မြိတ်-ထားဝယ် အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ဝင်းဝတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ခိုက်သိမ်းပိုက်သည့် မတ်လ ၁၁ ရက်နေ့နောက်ပိုင်း စစ်ကော်မရှင်တပ်ဘက်က လေကြောင်းဖြင့် နေ့စဉ် ဗုံးကြဲချတိုက်ခိုက်နေမှုများ လုပ်ဆောင်နေသည်ဟု မြေပြင်ရှိ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

    “ဝင်းဝတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပြီးနောက်ပိုင်း စစ်တပ်ဘက်က နားရက်မရှိဘူး၊ ဗုံးလာကြဲနေတာ တစ်နေ့ နှစ်ခါလောက်ရှိတယ်။ ဒေသခံတွေ ထိခိုက်တယ်။ သေဆုံးကြတယ်။ ရဲဘော်တွေလည်း သေဆုံးနေတာရှိတယ်။ ဒီလေကြောင်းတိုက်ခိုက်မှုကြောင့်ပေါ့နော်” ဟု ၎င်းက ပြောသည်။

    စစ်ကော်မရှင်တပ်၏ နေ့စဉ် လေကြောင်းတိုက်ခိုက်မှုများကြောင့် မတ်လ ၁၁ ရက်နေ့ နောက်ပိုင်း သရက်ချောင်းမြို့နယ်အောက်ပိုင်းရှိ ကျေးရွာများမှ ဒေသခံ ၂ ဦး သေဆုံးပြီး ၁၂ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

    ၎င်းပြင် စစ်ကော်မရှင်အဖွဲ့မှ လေယာဉ်ဖြင့် နေ့စဉ် ဆက်တိုက် ဗုံးကြဲချ တိုက်ခိုက်နေသည့်အပြင် ဝင်းဝတပ်စခန်းမှ ဆုတ်ခွာထွက်ပြေးလာသည့် စစ်ကော်မရှင်စစ်ကြောင်းနှင့် တော်လှန်ရေးတပ်ဖွဲ့တို့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ဟု အထက်ပါ ရဲဘော်က ဆက်ပြောသည်။

    “တိုက်ပွဲကတော့ ဒီအမှတ် ၈ လမ်းမကြီးပေါ်မှာ ဖြစ်နေတာ မဟုတ်ဘူးပေါ့နော်၊ ဟိုအထဲဘက်မှာရှိတဲ့ ရွာတွေမှာ ဖြစ်နေတယ်” ဟု ပြောသည်။

    ယနေ့ မတ်လ ၃၀ ရက်နေ့တွင် ဂုံညှင်းဆိတ်ကျေးရွာ၌ ပိတ်မိနေသည့် စစ်ကော်မရှင်စစ်ကြောင်းသည် ချောင်းဝပြင်ရွာအနီးတဝိုက်တွင် ရောက်ရှိနေသည်ဟု ဒေသအတွင်းရှိ သတင်းအရင်းအမြစ်မှ သိရှိရသည်။

    ဝင်းဝတပ်စခန်းသိမ်းတိုက်ပွဲကာလအတွင်း စစ်ကော်မရှင်အဖွဲ့မှ လေကြောင်းတိုက်ခိုက်မှု၊ ဖမ်းဆီးသတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုများရှိသလို လူနေအိမ်နှင့် ဘာသာရေးအဆောက်အဦများလည်း ထိခိုက်ပျက်စီးမှု ရှိနေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,300SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks