ထိုင်း-မြန်မာနယ်စပ်၊ ဘုရားသုံးဆူဂိတ် ဒေသအခေါ် ကျောင်းဂိတ်ကို ထိုင်းဘက်က ယမန်နေ့ ညနေပိုင်းကစပြီး ပိတ်လိုက်သည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။
မတ်လ ၂၉ ရက်နေ့က ဘုရားသုံးဆူမှ ထိုင်းနိုင်ငံအတွင်း သယ်ဆောင်လာသည့် မူးယစ်ဆေးဝါး အလုံး ၂၈၀,၀၀၀ ခန့်နှင့်အတူ အမျိုးသားနှစ်ဦးကို ကန်ချနဘူရီခရိုင်၊ ထောင်ဖာဖွန်စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးရမိပြီးနောက် ဘုရားသုံးဆူဂိတ်ကို ပိတ်လိုက်ခြင်းဖြစ်သည်။
ထိုင်းဘက်က အခြေအနေကို ထိန်းချုပ်နိုင်ရန်အတွက် ဂိတ်ကို ယာယီပိတ်လိုက်ခြင်းဖြစ်ကြောင်း၊ ဂိတ်ပိတ်လိုက်သည့်အတွက် ထိုင်းဘက်ခြမ်းသို့ အလုပ်လုပ်နေကြရသည့် ဘုရားသုံးဆူဒေသခံများ အလုပ်ရပ်နားထားရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“လက်ရှိ နယ်စပ်ဂိတ် ပိတ်ထားတော့ ထိုင်းဘက်မှာ အလုပ်လုပ်နေတဲ့သူတွေကအစ ဘယ်သူမှ မပေးသွားဘူး။ အဲဒီဂိတ်မှာလည်း လုံခြုံရေးတင်းကျပ်ထားတယ်။ ပစ္စည်းတင်တဲ့ကားတွေရော၊ ဆိုင်ကယ်တွေရော ဘယ်သူမှ မပေးသွားဘူး” ဟု ဆိုသည်။
မူးယစ်ဆေးဝါးမှုများနှင့် တရားမဝင် ဝင်ရောက်မှုများကို ထိန်းချုပ်နိုင်ရန် ထိုင်းအာဏာပိုင်တို့က ဘုရားသုံးဆူနယ်စပ်ဂိတ်ကို မကြာခဏ ယာယီပိတ်လေ့ရှိသော်လည်း အခြေအနေ တည်ငြိမ်သွားလျှင် ပြန်လည်ဖွင့်လှစ်ပေးလေ့ရှိသည်။
လက်ရှိတွင် ဂိတ်ပေါက်ဝနေရာကို ထိုင်းအာဏာပိုင်တို့က သံကြိုးများဖြင့် ပိတ်ထားသည့်အပြင် အင်အားအများအပြားဖြင့် လုံခြုံရေး တင်းကျပ်ထားပြီး စစ်ဆေးမှုများလည်း လုပ်ဆောင်နေသည်ဟု ဒေသခံတို့ထံမှ သိရသည်။
နယ်စပ်ဂိတ် ပိတ်ထားသည့်အခြေအနေကြောင့် ဘုရားသုံးဆူ-စံခလဘူရီနယ်စပ်သို့ သွားလာနေကြသည့် ကုန်သည်များအပြင် ခရီးသွားလာနေသည့် ပြည်သူများအနေဖြင့်လည်း သွားလာရေး ခက်ခဲနေသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“ထိုင်းဘက်ကနေလည်း သုံးဆူကို သွားလို့မရဘူး။ သုံးဆူကနေလည်း ဒီကိုဝင်လို့မရဘူး။ ဂိတ်ကလည်း ချက်ချင်းပိတ်လိုက်တော့ ထိုင်းကနေ မြန်မာကို ပြန်မယ့်သူတွေလည်း ထွက်လို့မရဘူး။ ဂျပန်ရေတွင်း ဂိတ်ကလည်း ပိတ်ထားတာ နှစ်ပတ်လောက်ရှိပြီလေ” ဟု ၎င်းက ဆိုသည်။
နယ်စပ်ဂိတ်ပိတ်ထားသည့်ကာလအတွင်း သာမန်ပြည်သူများအတွက် နယ်စပ်ဖြတ်ကျော်သွားလာခွင့်ကို ကန့်သတ်ထားပြီး စံခလဘူရီဘက်သို့ ကျောင်းသွားနေသည့် ကားများနှင့် အရေးပေါ်ကိစ္စများကိုသာ အာဏာပိုင်များက ခွင့်ပြုထားကြောင်း သိရသည်။
ဘုရားသုံးဆူမှ ကန်ချနဘူရီခရိုင်အထိ လမ်းမကြီးတစ်လျှောက်ရှိ ထိုင်းရဲတပ်ဖွဲ့စစ်ဆေးရေးဂိတ်တို့တွင် ထိုင်းနိုင်ငံအတွင်း တရားမဝင်ဝင်ရောက်သူ၊ မူးယစ်ဆေးဝါးနှင့် အခြားတရားမဝင်ပစ္စည်းတင်သွင်းမှုတို့ကို မကြာခဏ ဖမ်းဆီးရမိနေသည်။
ပြီးခဲ့သည့် မေလ ၂၆ ရက်နေ့က ထိုင်းဘတ်ငွေ ၁၈ သန်းနီးပါး (အမေရိကန်ဒေါ်လာ ၄၈၈,၀၀၀ ခန့်) တရားမဝင်တင်သွင်းသည့် အသက် ၂၅ နှစ်အရွယ် ထိုင်းအမျိုးသားတစ်ဦးကို နမ်ပကိတ်စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးရမိခဲ့ပြီးနောက် နယ်စပ်တစ်ဝိုက်ရှိ ထွက်ပေါက် ၄၂ နေရာကို ထိုင်းအာဏာပိုင်တို့က လိုက်လံ ချိတ်ပိတ်ခဲ့သည်။



