မွန်နှင့် ကရင်ပြည်နယ်အစပ် ဂျိုင်းမြစ်ဒေသတွင် စက်သုံးဆီ တစ်ဂါလံ ကျပ်ခုနှစ်သောင်းကျော်အထိ ဖြစ်နေကြောင်း ဒေသခံတို့က ပြောသည်။
စက်သုံးဆီ အခက်အခဲဖြစ်ပြီး ဈေးနှုန်းမြင့်တက်နေချိန် ဂျိုင်းမြစ်ဒေသတွင် အလှူပွဲတော် များသည့်အတွက် အခြားဒေသများထက် စက်သုံးဆီဈေး ပိုမြင့်နေသည်ဟု ဆိုသည်။
စက်သုံးဆီအခက်အခဲဖြစ်ပြီး ဆီပြတ်လပ်နေချိန်တွင် အလှူပွဲတော် ကျင်းပသူတို့က ဈေးကြီးပေး စက်သုံးဆီ လိုက်ဝယ်နေသည့်အတွက် ဆီအရောင်းဆိုင်များကလည်း ဈေးအဆမတန် တင်ရောင်းလာကြသည်ဟု ဒေသခံတို့က ပြောသည်။

“ဒီလိုမျိုး ဈေးခုန်တက်သွားတာက အလှူပွဲတော်တွေနဲ့ တိုက်ရိုက်ဆက်နွယ်နေတယ်။ အလှူအိမ်တွေက ဆီတွေ ဂါလံအများကြီး သုံးရတယ်။ အသံချဲ့စက်၊ ဆောင်းဘောက်စ်တွေ နေ့ညမနား ဖွင့်နေတယ်ဆိုတော့။ ဆီဆိုင်တွေက အချင်းချင်းညှိကြပြီး ဈေးကို တင်ကြတာ” ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
စက်သုံးဆီတစ်ဂါလံကို ကျပ် ၁၆,၀၀၀ ရှိရာမှ လက်ရှိတွင် ဆီတစ်ဂါလံ ကျပ်ခုနှစ်သောင်းကျော်အထိ ဖြစ်နေပြီး ကျပ်တစ်သိန်းအထိ မြင့်တက်လာနိုင်သည်ဟု ဆိုသည်။
စက်သုံးဆီဈေး အဆမတန်မြင့်တက်လာသည့်အတွက် မော်တော်ယာဉ်ပြေးဆွဲနေသူများ၊ စက်သုံးဆီသုံးပြီး လုပ်ငန်းလည်ပတ်နေရသူများ အခက်အခဲ ကြုံတွေ့ရသည်ဟု ခရားအပြင်ကျေးရွာမှ ယာဉ်မောင်းတစ်ဦးက ပြောသည်။
“ဆီဆိုင်တွေက တစ်ဂါလံကို တစ်သိန်းရောင်းရင်လည်း အလှူလုပ်တဲ့လူတွေက ဝယ်မှာပဲ။ အလှူအိမ်တွေ ဈေးများများပေးပြီး ဝယ်လိုက်လို့ ဆီရဖို့က တော်တော်ခက်ခဲသွားတယ်။ သူတို့ပဲ ဈေးကွက်လိုက်ဖျက်နေတယ်။ ကျနော်တို့လည်း အဲဈေးနဲ့ပဲ လိုက်ဝယ်ရပြန်ရော” ဟု အထက်ပါ ယာဉ်မောင်းက ပြောသည်။
မတ်လပထမပတ်မှ စတင်ကာ စက်သုံးဆီများကို လိုသလောက် ဝယ်ယူမရတော့ဘဲ စုံ/မ စနစ်ဖြင့်သာ အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်း ဝယ်ယူနေရသည့်အပြင် ဆိုင်အများစုတွင်လည်း ဆီပြတ်လပ်မှုများ မကြာခဏ ဖြစ်ပေါ်နေသည်။



