Friday, March 27, 2026
More
    spot_img
    Homeသတင်းစည်းကမ်းမဲ့ အသံချဲ့စက်များကို ထိရောက်စွာ အရေးယူပေးစေလို

    စည်းကမ်းမဲ့ အသံချဲ့စက်များကို ထိရောက်စွာ အရေးယူပေးစေလို

    -

    မွန်ပြည်နယ်အတွင်း ယခုလို နွေရာသီကာလတွင် အလှူပွဲ၊ မင်္ဂလာပွဲ၊ ရိုးရာဓလေ့အရ ကျင်းပသည့် ပွဲတော်များဖြင့် စည်ကားလေ့ရှိပြီး ပွဲတော်များနှင့်အတူ စည်းကမ်းမဲ့ အသံချဲ့စက် (sound box) ပြဿနာသည်လည်း တွင်ကျယ်လာသည်။

    ဒေသခံတို့၏ အဆိုအရ ပွဲတော်များကနေ အသံချဲ့စက် (sound box) ကို တစ်နေ့ကုန် မရပ်မနား ဖွင့်ထားသည့်အတွက် ပတ်ဝန်းကျင်က နားစည်ကွဲမတတ် ခံစားနေရသည့်အပြင် နေ့စဉ်ဘဝနှင့် လူမှုဆက်ဆံရေးပါ သက်ရောက်မှု ရှိလာနေသည်ဟု ဆိုသည်။

    စည်းကမ်းမဲ့ အသံချဲ့စက်များကြောင့် သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များ၏ ကျန်းမာရေး စိုးရိမ်ရသည့် အခြေအနေအထိ ဖြစ်လာသည့်အတွက် အသံချဲ့စက်ပြဿနာကို ထိန်းချုပ်ပေးရန် ကျန်းမာရေးဌာနထံ တိုင်ကြား တောင်းဆိုမှုများလည်း ရှိလာနေသည်။

    ယခုကဲ့သို့ ပတ်ဝန်းကျင်တွင် နားမခံသာနိုင်အောင် ဖြစ်ပျက်နေသည့် အသံချဲ့စက်ပြဿနာကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းပေးနိုင်ခြင်း မရှိသည့်အတွက် စည်းကမ်းမဲ့ အသံချဲ့စက်ပြဿနာသည် ပိုပြီး ကြီးထွားလာစေသည်။

    “မဖွင့်နဲ့လို့လည်း မတားဘူး။ ဒါပေမဲ့ နားထောင်နိုင်တဲ့ အသံလောက်ပဲ ဖွင့်ပေါ့။ အဓိက တာဝန်ရှိသူက sound box ဖွင့်တဲ့သူပဲ။ ပြီးတော့ အုပ်ချုပ်ရေးမှူးပေါ့။ အခြေအနေကို ကြည့်ပြီးတော့ အပြစ်ပေးတာတွေ လုပ်ရင် ဒီအသံပြဿနာက နည်းသွားနိုင်တယ်။” ဟု မုဒုံဒေသခံတစ်ဦးက တောင်းဆိုသည်။

    အသံချဲ့စက် ဥပဒေပြဌာန်းချက်အရ အသံချဲ့စက်ကို ရပ်ကျေး အုပ်ချုပ်ရေးမှူးက ခွင့်ပြုမှသာ ဖွင့်ရမည်ဖြစ်ပြီး ခွင့်ပြုချက် မရှိဘဲ ဖွင့်ပါက အရေးယူခံရမည်ဟု ဖော်ပြထားသည်။

    ၎င်းပြင် အသံချဲ့စက်ကို အများပြည်သူ အနှောင့်အယှက် မဖြစ်စေရေးအတွက် ခွင့်ပြုထားသည့် ဥပစာအတွင်း အများပြည်သူ ကြားသိရုံမျှသာ ဖွင့်ရန်၊ သတ်မှတ်ခွင့်ပြုထားသည့် အချိန်အပိုင်းအခြားအတွင်းသာ ဖွင့်ရမည့် စည်းကမ်းချက်များလည်း ပြဌာန်းထားသည်။

    သို့သော်လည်း မြေပြင်တွင် အသံချဲ့စက်ကို ခွင့်ပြုချက် မယူဘဲ စည်းမဲ့ကမ်းမဲ့ ဖွင့်နေကြသလို သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတို့ကလည်း အရေးတယူ ကိုင်တွယ်ဖြေရှင်းခြင်း မရှိကြောင်း ဒေသခံတို့က ပြောသည်။

    ရေးမြို့နယ်၊ လမိုင်းမြို့က အမျိုးသမီးတစ်ဦးကလည်း “ဘယ်လောက်ထိ ဖွင့်နေကြလဲဆို နှလုံးရောဂါအခံရှိတဲ့သူတွေ ဒါမှမဟုတ် ရောဂါတစ်ခုခု ခံစားနေရတယ်ဆိုရင် အလှူလုပ်နေတဲ့အိမ်အနားမှာ မနေနဲ့တော့။ ရောဂါထလောက်တယ်။ သွားပြောရင်လည်း ဒီလိုအသံပါဝါရအောင် ဖန်တီးထားရတယ်။ ဖွင့်မှာပဲဆိုတာမျိုးနဲ့။ အုပ်ချုပ်ရေးမှူးဘက်ကလည်း အမုန်းခံပြီးတော့ မပြောနေတော့ဘူး။ ပြောလည်း သူတို့ မယူဘူး။” ဟု ဆိုသည်။

    အသံချဲ့စက် (sound box) ကို ကျယ်လောင်စွာ ဖွင့်လှစ်နိုင်မှသာ ပွဲစည်သည်ဟူသော လွဲမှားသည့် ယူဆချက်သည် မွန်လူမှုအဖွဲ့အစည်းများအကြား လွှမ်းမိုးလာပြီး အသံချဲ့စက်ကို ငွေကြေး သိန်း ၁၀ ဂဏန်းအထိ အကုန်အကျခံ ငှားရမ်းကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,300SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks