အရှေ့အလယ်ပိုင်းဒေသမှာ ဖြစ်ပေါ်နေတဲ့ စစ်ရေးပဋိပက္ခကြောင့် မိမိတို့နိုင်ငံအတွင်း စက်သုံးဆီ သုံးစွဲမှု အခက်အခဲ မဖြစ်ပေါ်စေရေးဟုဆိုကာ စက်သုံးဆီအရောင်းဆိုင်တွေကို စစ်ကော်မရှင်က ထပ်မံကန့်သတ်လိုက်သည်။
ပြီးခဲ့သည့် မတ်လ ၁၂ ရက်နေ့မှစ၍ မော်တော်ယာဉ်များအတွက် Bar Code အား Scan ဖတ်ခြင်း၊ ဆိုင်ကယ်များအတွက် QR Code ထုတ်ပေးခြင်း စနစ်ကို စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။
ထို့အတူ ယာဉ်၏ စက်စွမ်းအားအပေါ် မူတည်၍ တစ်ပတ်အတွင်း ဝယ်ယူခွင့်ရှိသည့် ပမာဏကို သတ်မှတ်ပြီး တစ်ပတ်အတွင်း တစ်ကြိမ်တည်းဖြစ်စေ၊ အများဆုံး ၂ ကြိမ်ခွဲ၍ဖြစ်စေ ဝယ်ယူနိုင်မည့် စနစ်ကို Bar Code နှင့် QR Code စနစ်အတွင်း ထည့်သွင်း၍ လာမည့် ရက်သတ္တပတ်အတွင်း စတင်ဆောင်ရွက်မည်ဟု မတ်လ ၂၂ ရက်မှာ စစ်ကော်မရှင်က ထုတ်ပြန်ခဲ့သည်။
မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ Bar Code နှင့် QR Code စနစ်များဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း မရှိသေးကြောင်း ကားအငှားဝန်ဆောင်မှု လုပ်ကိုင်နေသူ မော်လမြိုင်မြို့ခံတစ်ဦးက ပြောသည်။

“ကျနော်တို့ ဒီဖက်ခြမ်းမှာတော့ အဲဒီလိုမျိုး မရှိသေးဘူး။ ရန်ကုန်မြို့ထဲမှာတော့ အဲဒီလိုမျိုး ရှိနေတယ်ဆိုတာ ကြားရတယ်။ ကားကတော့ အခု ငှားတာပဲ ဒါပေမဲ့ ဆီမရှိတော့ မသွားရဘူး။ ဆီဆိုင်တော့ ရောင်းပေးတယ်၊ ရောင်းပေးပြီးတော့ ပိတ်လိုက်လို့ရှိရင်လည်း ပိတ်လိုက်တာပဲ။ လိုအပ်ချက်ကတော့ ရှိတယ်။ တန်းစီရတယ်၊ တိုးရတယ်။ အခုချိန်ထိတော့ တန်းစီနေရတုန်းပဲ” ဟု ပြောသည်။
လက်ရှိ မော်လမြိုင်တွင် စက်သုံးဆီကို အကန့်အသတ်ဖြင့် ရောင်းချနေကြောင်း မော်တော်ဆိုင်ကယ်အတွက် ၅၀၀၀ ကျပ်ဖိုး၊ သုံးဘီးဆိုင်ကယ်အတွက် ၁၀၀၀၀ ကျပ်ဖိုးနှင့် မော်တော်ကားအတွက် ၅၀၀၀၀ ကျပ်ဖိုးသာ ရောင်းချပေးကြောင်း ၎င်းက ဆက်ပြောသည်။
စက်သုံးဆီသုံးစွဲမှုကို ချွေတာလျှော့ချရန် ရည်ရွယ်ကာ အစိုးရဝန်ထမ်းများအနေဖြင့် လာမည့် ၂၀၂၆ ခုနှစ် မတ်လ ၂၅ ရက်နေ့မှစ၍ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း သက်ဆိုင်ရာအစိုးရရုံးဌာနများဆီ ရုံးသွားမတက်ရဘဲ နေအိမ်ကနေ ရုံးလုပ်ငန်းတွေကို ဆောင်ရွက်ရမည်ဟု မတ်လ ၂၂ ရက်တွင် ကြေညာခဲ့သည်။
အလားတူ ပုဂ္ဂလိက အလုပ်ဌာနများအနေဖြင့်လည်း အစိုးရရုံးဌာနများနည်းတူ (work from home) ကဲ့သို့ လုပ်ဆောင်မှုမျိုးဖြင့် အတတ်နိုင်ဆုံး ဆောင်ရွက်သွားကြရန် စစ်ကော်မရှင်က ပြောသည်။
မြန်မာနိုင်ငံတွင် စက်သုံးဆီဖူလုံမှု ရက် ၅၀ စာ သိုလှောင်ထားရှိပြီးဖြစ်သည့်အပြင် ပုံမှန်တင်သွင်းနေသည့် လမ်းကြောင်းများနှင့် အခြားလမ်းကြောင်းများမှလည်း တင်သွင်းနိုင်ရန် ဆောင်ရွက်နေသည်ဟု စစ်ကော်မရှင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းကန့်သတ်ထုတ်ပြန်ချက်မတိုင်မီ ယာဉ်များကို စုံ/မ နံပါတ်ခွဲပြီး တစ်ရက်ခြား အသုံးပြုသည့်စနစ်၊ ဆီဝယ်ယူသည့် စနစ်များကိုလည်း သတ်မှတ် လုပ်ဆောင်ခဲ့သည်။



