မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ မုဒွန်းရွာမှ တက္ကစီယာဉ်မောင်းတစ်ဦး စက်သုံးဆီရရှိရန် နေအပူရှိန်မြင့်တက်နေစဉ် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့သည့်ဒဏ်ကြောင့် အပူရှပ်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ရွာခံများ၏ ပြောပြချက်အရ သိရသည်။
ယမန်နေ့ မတ်လ ၂၃ ရက်နေ့က မုဒွန်းရွာမှ အသက် ၄၀ ကျော် တက္ကစီယာဥ်မောင်းတစ်ဦးသည် နံနက် ၂ နာရီခွဲမှ နေ့လည်အထိ ဆီဆိုင်ရှေ့တန်းစီခဲ့ရာ ညနေပိုင်း နေအိမ်အရောက်တွင် ခေါင်းကိုက်ဝေဒနာစတင်ခံစားရာမှ သွေးပေါင်ကျ၍ အသက်ဆုံးရှုံးခဲ့ရကြောင်း မုဒွန်းရွာခံတစ်ဦးက ဆိုသည်။

“မနက်က ၂ နာရီခွဲ ၃ နာရီကတည်းက ထပြီးဆီသွားတန်းစီတာ နေ့လယ်အချိန်အထိ။ ဆိုတော့ နေပူထဲအကြာကြီးနေထားတော့ ညနေပိုင်းလောက်က ခေါင်းကိုက် သွေးပေါင်ကျတယ်။ ဆေးရုံကို အမြန်ခေါ်သွားတယ်။ သူ့မှာလည်း ရောဂါအခံရှိနေတော့ မမှီဘူး။” ဟု မုဒွန်းဒေသခံတစ်ဦးက ဆိုသည်။
ချောင်းဆုံအပါအဝင် မွန်ပြည်နယ်အတွင်းရှိ စက်သုံးဆီဆိုင်များသည် နံနက် ၇ နာရီမှ ၉ နာရီအထိ၊ ညနေပိုင်း ၃ နာရီမှ ၅ နာရီအထိသာ စက်သုံးဆီများ ဖွင့်လှစ်ရောင်းချပေးနေပြီး နံနက်ပိုင်းဖွင့်သည့်အချိန်တွင် ဆီရရှိရန် ဒေသခံများ နံနက် ၂ နာရီမှစ၍ စောင့်ဆိုင်းဝယ်ယူနေရသည်။
လက်ရှိ မွန်ပြည်နယ်၏ နေ့အပူအချိန်သည် ပျမ်းမျှ ၄၀ ဒီဂရီဝန်းကျင်တွင်ရောက်ရှိနေသဖြင့် နေရောင်အကာအကွယ်မပါဘဲ တန်းစီစောင့်ဆိုင်းခြင်း၊ သက်ကြီးပိုင်းများ ဆီတန်းဆီဝယ်ယူခြင်းများ မပြုလုပ်သင့်ကြောင်း မုဒုံမြို့နယ်မှ ကျန်းမာရေးဝန်ထမ်းတစ်ဦးက တိုက်တွန်းသည်။
“လက်ရှိနေအပူချိန်က ကိန်းဂဏန်းဖော်ပြချက်အရဆိုရင် ၃၅ လောက်ပဲဖော်ပြထားတယ်။ ဒါမဲ့ ၄၀၊ ၄၁ ဒီဂရီလောက်ကိုပူနေတာ။ ဆိုတော့ ဆီတန်းစီနေတဲ့သူတွေ ဦးထုပ်တွေ၊ လက်ရှည်အင်ကျီတွေ အပူဒဏ်ကို ကာကွယ်နိုင်တဲ့အရာတွေကိုဝတ်ဆင်ကြပါ၊ အထူးသဖြင့် အသက်ကြီးပိုင်း(၆၀)ကျော်ရှိလူတွေ နေပူထဲ ဆီတန်းစီတာတွေကို မလုပ်သင့်ပါဘူး။ ကျန်းမာရေးအတွက် အန္တရယ်ရှိနိုင်ပါတယ်။” ဟုဆိုသည်။
အပူဒဏ်ကြောင့် မောပန်းခြင်း၊ သတိလစ်ခြင်း၊ အပူလွန်ကဲခြင်း ဆိုင်ရာလက္ခဏာများကို ဖြစ်ပွားတတ်ပြီး အချိန်ခဏအတွင်း အသက်အန္တရာယ် ထိခိုက်စေနိုင်သဖြင့် နေပူတွင် ဆီတန်းစီနေရသူများ နေရောင်အကာကွယ်များ မဖြစ်မနေပြုလုပ်သွားရန်လည်း တိုက်တွန်းသည်။
ဆေးရုံဆေးခန်းများတွင် အပူရှပ်ခြင်းကြောင့် မူးမေ့ခြင်း၊ ချွေးထွက်များခြင်း၊ ပျို့အန်ခြင်း၊ နုံးနယ်ခြင်းကြောင့် ဆေးရုံဆေးခန်းတို့တွင် လာရောက်ကုသခံယူသူ များပြားလျှက်ရှိကြောင်း ဆက်ပြောသည်။
အပူချိန်ပြင်းထန်သည့် ယခုမတ်လတွင် မနက် ၁၁ နာရီမှ၃ နာရီအချိန်တွင် သွားအလာဂရုစိုက်ကြရန်၊ လေဝင်လေထွက်ကောင်းပြီး အပူဒဏ်သက်သာသည့်နေရာတွင် နေထိုင်ကြရန်လည်း ကျန်းမာရေးတာဝန်ရှိသူတို့က ထပ်မံတိုက်တွန်းထားသည်။



