မွန်ပြည်နယ်၊ ပေါင်မြို့တွင် စိတ်မနှံ့သည့် အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကို သက်ကြီးပိုင်း အမျိုးသားနှစ်ဦးက အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့ကြောင်း ကျူးလွန်ခံရသူ၏ မိသားစုဝင်များထံမှ သိရသည်။
ဖြစ်စဉ်မှာ မတ်လ ၂၁ ရက်နေ့ ညနေပိုင်းက အဆိုပါ စိတ်မနှံ့သည့် အမျိုးသမီးငယ်၏ ဗိုက်အနေအထား မူမမှန်နေသည်ကို အိမ်နီးနားချင်းများ သတိပြုမိရာမှ စစ်ဆေးမေးမြန်းမှု ပြုလုပ်ကာ အကြိမ်ကြိမ် အဓမ္မပြုကျင့်ခံထားရပြီး ကိုယ်ဝန် ၆ လ ရှိနေကြောင်း ပေါ်ပေါက်ခဲ့သည်။

စစ်ဆေးမေးမြန်းမှုအရ ပြီးခဲ့သည့် ၆ လကျော်အတွင်း ဖခင်ဖြစ်သူ ဘုန်းကြီးကျောင်းသို့ သွားနေချိန် တစ်ရပ်ကွက်တည်းနေ အသက် ၆၃ နှစ်အရွယ် ဦးအေးချိုနှင့် အသက် ၇၄ နှစ်အရွယ် ဦးငွေဆိုသည့် အမျိုးသားနှစ်ဦးတို့က နေအိမ်ထဲ ဝင်လာပြီး ၆ ကြိမ်ထက်မနည်း အဓမ္မပြုကျင့် ကျူးလွန်ခဲ့ကြောင်း မိန်းကလေးငယ်က ထွက်ဆိုထားသည်။
ကျူးလွန်ခံရသည့် အမျိုးသမီးငယ်သည် ဖခင်ဖြစ်သူနှင့်အတူ နေထိုင်ပြီး ဖခင်ဖြစ်သူလည်း စိတ်မနှံ့သူတစ်ဦးဖြစ်ကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။
“ဖခင်နဲ့ သမီးနှစ်ယောက်ပဲရှိတယ်။ မနက် ၅ နာရီဆို ဖခင်က အိမ်ကိုသော့ခတ်ပြီး ဘုန်းကြီးကျောင်းသွား ဝေယျာဝစ္စလုပ်တယ်။ အဲဒီအချိန်ကို အခွင့်ကောင်းယူပြီး အိမ်နောက်ဘက်ကနေ ခိုးဝင်ပြီး အဓမ္မကျင့်တယ်။ ပြီးတော့ သူများကိုပြောပြရင် သတ်မယ်လို့ ခြိမ်းခြောက်တယ်၊ နှစ်ယောက်တစ်ခါတည်း ခိုးဝင်တာမဟုတ်ဘူး၊ တစ်ယောက် တစ်ခါဝင်ပြီး ကျူးလွန်တယ်။ ကလေးမပြောတာက တစ်ယောက် ၅ ခါ ၄ ခါ အထိ ဝင်ကျူးလွန်ဖူးတယ်” ဟု ၎င်းက ပြောသည်။
ကျူးလွန်သူ နှစ်ဦးအနက် ဦးအေးချိုကို ပေါင်မြို့မ ရဲစခန်းတွင် (ပ) ၁၃/၂၀၂၆ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆ ဖြင့် ဖမ်းဆီးစစ်ဆေးနေပြီး ကျန်တစ်ဦးဖြစ်သည့် ဦးငွေကတော့ လွတ်မြောက်နေဆဲ ဖြစ်သည်။
“လက်ရှိမှာ တစ်ယောက်ကိုပဲ ဖမ်းထားတယ်။ ကျန်တဲ့ ၇၄ နှစ်အရွယ် တစ်ယောက်ကိုတော့ ဖမ်းဆီးတာတွေ မတွေ့ဘူး။ အခုက သူတို့ရပ်ကွက်ထဲမှာလည်း မတွေ့မိဘူး။ သူတို့တွေက ဒီဒေသခံတွေမဟုတ်ဘူး။ သူတို့မယားက ဒီကလူမလို့ လာနေနေတာ” ဟု အထက်ပါ မိသားစုဝင်က ဆက်ပြောသည်။
လက်ရှိတွင် ကျူးလွန်ခံရသည့် အမျိုးသမီးငယ်နှင့် ဖခင်တို့ကို မွန်လူမှုအဖွဲ့အစည်းတို့က ကူညီဆောင်ရွက်မှု ပြုလုပ်ပေးနေသည်ဟု ဆိုသည်။



