Saturday, March 21, 2026
More
    spot_img
    Homeသတင်းတစ်ပတ်အတွင်း မွန်ပြည်နယ်၏ စက်သုံးဆီ ရည်ညွှန်းဈေး တစ်လီတာ ၉၀၀ ကျပ်အထိ မြင့်တက်

    တစ်ပတ်အတွင်း မွန်ပြည်နယ်၏ စက်သုံးဆီ ရည်ညွှန်းဈေး တစ်လီတာ ၉၀၀ ကျပ်အထိ မြင့်တက်

    -

    မွန်ပြည်နယ် စက်သုံးဆီ ရည်ညွှန်းဈေးသည် တစ်ပတ်အတွင်း ကျပ် ၉၀၀ မြင့်တက်လာပြီး ဝယ်ယူရရှိရန်လည်း ပိုမိုခက်ခဲနေသည်ဟု မြို့ပေါ်နေ ဒေသခံများက ပြောသည်။

    မတ်လ ၂၀ ရက်နေ့ သောကြာနေ့က မော်လမြိုင် ဓာတ်ဆီဆိုင်များတွင် ၉၂ တစ်လီတာ ၃၇၆၅ ကျပ်၊ ၉၅ တစ်လီတာလျှင် ၃၉၉၅ ကျပ်ဖြစ်ပြီး၊ ရိုးဒီဇယ် တစ်လီတာ ၄၉၉၀ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာ ၅၀၃၀ ကျပ်ဖြင့် ရောင်းချရန် စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးရေးလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန်ထားသည်။

    ပြီးခဲ့သည့် ရက်သတ္တပတ်က သတ်မှတ်ထားသည့် ရည်ညွှန်းဈေးထက် ဆီတစ်လီတာ ကျပ် ၉၀၀ ဝန်းကျင် မြင့်တက်လာနေသည်ဟု သိရသည်။

    “အခု ဆီဝယ်လို့ မရတဲ့အပြင်ကို ဈေးတက်တာက ဆင်းရဲသားတွေအတွက် ပိုပြီး ဆိုးသွားတယ်။ ဆိုင်တိုင်းမှာ တန်းစီတယ်၊ ကားတန်းတွေအရှည်ကြီးပဲ၊ တစ်မိုင်လောက်ရှည်တယ် တစ်ဆိုင်။ တစ်ဆိုင်ကို ၁၀ နာရီ ၁၁ နာရီကျ ဆီကုန်သွားတယ်။ ရတာလည်း မဖြစ်စလောက်လေးပဲ၊ စက်နှိုးပြီး သွားလို့မရတဲ့အခါဆို တွန်းနေရတယ်။ နေ့တစ်ဝက်ကုန်တယ်၊ ၅၀၀၀ ဖိုးက ၁၀ မိုင်လောက် သွားရင်ကုန်ပြီး” ဟု ပြောသည်။

    မုဒုံမြို့နယ် ဆိပ်ကမ်းအထိ ဆီတင်သင်္ဘောကြီး ဆိုက်ကပ်ရန် မလွယ်ကူဘဲ သင်္ဘောငယ်များဖြင့် ပြန်လည်သယ်ယူရသည့် အခြေအနေကြောင့် အခြားတိုင်းနှင့် ပြည်နယ်များထက် ဈေးနှုန်း ပိုကြီးမြင့်နေကြောင်းနှင့် လေလံရထားသည့် ကုမ္ပဏီတစ်ခုတည်းသာ ဖြန့်ဖြူးခွင့်ရှိပြီး၊ အပြိုင်အဆိုင်မရှိသောကြောင့် ဈေးနှုန်းမြှင့်တင် ရောင်းချနေခြင်းဖြစ်သည်ဟု သုံးသပ်နေကြသည်။

    တစ်ဖက်တွင်လည်း စက်သုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူး ရောင်းချခွင့်ရထားသည့် ကုမ္ပဏီများအနေဖြင့် တခြားဒေသများသို့ တရားမဝင် စက်သုံးဆီများ သယ်ဆောင်ဖြန့်ဖြူးနေသည့်အတွက် မွန်ပြည်နယ်အတွင်း စက်သုံးဆီ မလုံလောက်မှု ဖြစ်ပေါ်နေသည်ဟုလည်း ဆိုသည်။

    စက်သုံးဆီ ပြတ်လပ်မှု မရှိစေရန်၊ တရားမဝင် ရောင်းချမှု မရှိစေရန် သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချပြီး ပေပါ၊ ပုံးများဖြင့် ဝယ်ယူပါက ရောင်းချခြင်း မပြုရေး စစ်ကော်မရှင်အဖွဲ့စုံမှ လာရောက်စစ်ဆေးခြင်းများ လုပ်ဆောင်နေကြောင်းလည်း သိရသည်။

    မွန်ပြည်နယ် ဓာတ်ဆီဆိုင်ရှေ့ စောင့်ဆိုင်းနေသည့် လူတန်းရှည် ၁ မိုင်ခန့် ရှည်နေပြီး နေ့တစ်ဝက်စာ အချိန်ပေးနေရပြီး တက္ကဆီသမားများနှင့် အခြေခံ လူတန်းစားများ အလုပ်အကိုင် လည်ပတ်ရန် ခက်ခဲသည့်အပြင် စားဝတ်နေရေးပါ ကြပ်တည်းလာစေသည်ဟု ပေါင်မြို့ခံတစ်ဦးက ပြောသည်။

    “မနေ့စုံနေ့နဲ့ တက္ကစီမောင်းသမားတွေ အခြားနေ့ဆို ထွက်မရဘူး။ အဲ့ဒီ ၅၀၀၀ ဖိုးနဲ့ ဘယ်လိုလုပ် အလုပ်ဖြစ်မှာလဲ။ မနက် ၅ ကစပြီးတော့ ၁၁ နာရီမှ ရတယ်။ တက္ကစီမဆွဲရဘူး၊ ဆီတန်းစီတဲ့ အချိန်ကုန်သွားတဲ့အတွက် ၅၀၀၀ ဖိုးနဲ့ သွားရမဲ့ခရီးတွေ မကိုက်ကုန်တော့ဘူး၊ စားဝတ်နေရေး ခက်လာကြတယ်” ဟု ပြောသည်။

    တန်းစီစောင့်ဆိုင်းနေသည့် ကားနှင့် ဆိုင်ကယ် အရေအတွက်များ ဆီဆိုင်ရှေ့ ပိုမိုများလာပြီး ၁ မိုင်အထိ ရှည်လျားနေသည့်အတွက် စစ်ဆေးရေးအဖွဲ့များဖြင့် စုံ၊ မ စစ်ဆေးရန်ရှိနေကြောင်းလည်း စစ်ကော်မရှင်အဖွဲ့နှင့် နီးစပ်သူများမှ သိရသည်။

    စက်သုံးဆီ ဈေးနှုန်း မြင့်တက်မှုနှင့် ရှားပါးမှုကို ပိုမိုရင်ဆိုင်နေရသည့် မွန်ပြည်နယ်တွင် ကုန်စည်နှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ နွေအသီးအနှံ စိုက်ပျိုးရေး၊ အသေးစား လုပ်ငန်းအချို့ ရပ်နားထားရသည်။

    အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပွားနေသည့် စစ်ပွဲကြောင့် မြန်မာအပါအဝင် နိုင်ငံအချို့တွင် လောင်စာဆီ အခက်အခဲနှင့် ရင်ဆိုင်နေရပြီး စက်သုံးဆီ ချွေတာနိုင်ရန် နည်းလမ်းမျိုးစုံနှင့် လုပ်ဆောင်နေကြရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks