Saturday, March 21, 2026
More
    spot_img
    Homeသတင်းစစ်ကော်မရှင် လက်နက်ကြီးကြောင့် ရေဖြူတွင် ရာဘာခြံလုပ်သား မိသားစုဝင် ၂ ဦး သေဆုံး၊ ကလေးတစ်ဦး ဒဏ်ရာရ

    စစ်ကော်မရှင် လက်နက်ကြီးကြောင့် ရေဖြူတွင် ရာဘာခြံလုပ်သား မိသားစုဝင် ၂ ဦး သေဆုံး၊ ကလေးတစ်ဦး ဒဏ်ရာရ

    -

    တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် ရာဖူးကျေးရွာတွင် စစ်ကော်မရှင်အဖွဲ့မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ ရာဘာခြံလုပ်သား မိသားစုဝင် ၂ ဦး သေဆုံးပြီး ကလေးငယ် ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု တော်လှန်ရေးတပ်ဖွဲ့နှင့် ဒေသခံများထံမှ သိရသည်။

    ရာဖူးရွာဟောင်းတွင် တပ်စွဲထားသည့် အင်အား ၁၀၀ ခန့်ရှိသည့် စစ်ကော်မရှင်စစ်ကြောင်းသည် မတ်လ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီဝန်းကျင်တွင် ရာဖူးရွာသစ်ဘက်သို့ ၁၂၀ မမ လက်နက်ကြီးဖြင့် ၂ ကြိမ် ရမ်းသမ်းပစ်ခတ်မှု လုပ်ဆောင်ခဲ့သည်။

    ရမ်းသမ်းပစ်ခတ်ခဲ့သည့် လက်နက်ကြီးသည် ရာဘာခြံအတွင်း ကျရောက်ပေါက်ကွဲသဖြင့် ရာဘာခြံလုပ်သား မိသားစုဝင် ၄ ဦးမှ အသက် (၁၇) နှစ်အရွယ် သမီးဖြစ်သူသည် နေရာတွင် သေဆုံးခဲ့ရပြီး ဒဏ်ရာပြင်းထန် ရရှိခဲ့သည့် ဖခင်ဖြစ်သူသည် ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးခဲ့ရသည့်အပြင် သားဖြစ်သူတွင်လည်း ဒဏ်ရာအနည်းငယ် ရရှိခဲ့သည်ဟု ရေဖြူဒေသခံတစ်ဦးက ဆိုသည်။

    “စစ်တပ်က ရာဖူးရွာဟောင်းကနေ လက်နက်ကြီးပစ်တာ ရာဖူးရွာသစ်ဘက်ကို ရမ်းသမ်းပစ်တာပဲ၊ ရာဘာခြံမှာ သွားကျ၊ အဲ့ကြောင့် ခြံမှာရှိတဲ့ မိသားစုကို ထိသွားတာ။ သူတို့သမီးကတော့ အဲနေရာမှာပဲ ချက်ချင်းဆုံးသွားတယ်။ သူ့အဖေက ဒဏ်ရာပြင်းထန်တယ်၊ ဆေးရုံသွားပို့တာ လမ်းမှာဆုံးသွားတယ်။ သူ့သားကတော့ ဒဏ်ရာနည်းနည်း ရသွားတယ်” ဟု ရေဖြူဒေသခံတစ်ဦးက ပြောသည်။

    ထို့အပြင် အင်အား ၁၀၀ ကျော်ခန့်ရှိသည့် စစ်ကော်မရှင်စစ်ကြောင်းသည် မိုင် ၆၀ ရွာရှိ ဘုန်းကြီးကျောင်းတွင် တပ်စွဲနေထိုင်နေပြီး စစ်ကော်မရှင်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့သည် ပြီးခဲ့သည့် မတ်လ ၁၉ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် မိုင် (၆၀) ရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။

    တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ကော်မရှင်ဘက်မှ လက်နက်ကြီး ၁၀ ကြိမ်ခန့် လှမ်းပစ်ခဲ့ပြီး ရာဘာခြံအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ဥယျာဉ် ၂ ခြံထက်မနည်း မီးလောင်ပျက်စီးခဲ့ရသည်ဟု ဒေသအတွင်းရှိ သတင်းအရင်းအမြစ်များမှ စုံစမ်းသိရှိရသည်။

    “၁၉ ရက်နေ့က သူတို့ မိုင် ၆၀ ဘုန်းကြီးကျောင်းမှာ စခန်းချထားတာ၊ ၁၁ နာရီလောက်က ရွာအနီးမှာ ပစ်ခတ်မှု ဖြစ်တယ်။ စစ်တပ်ဘက်က လက်နက်ကြီး ၁၀ ကြိမ်မကဘူး ပစ်လိုက်တာ။ ခြံမှာ သွားကျတော့ ခြံတွေ မီးလောင်သွားတယ်၊ ၃ ခြံလား မသိဘူး လောင်သွားတာ။ ပြီးတော့ သူတို့စစ်ကြောင်းက ရာဖူးဘက်ကို သွားတယ်။ မနေ့ကလည်း လက်နက်ကြီး ထပ်ပစ်တယ်၊ ဒီနေ့လည်း ပစ်နေတုန်းပဲ” ဟု ဒေသအတွင်းရှိ သတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။

    စစ်ကော်မရှင်စစ်ကြောင်းသည် လက်ရှိတွင် ရာဖူးရွာအတွင်း ပြန်လည်ဆုတ်ခွာခြင်း မရှိသည့်အပြင် လက်နက်ကြီးများ ရမ်းသမ်းပစ်နေသည့်အတွက် တိုက်ပွဲပြင်းထန်လာမည်ကို ဒေသခံတို့ စိုးရိမ်နေကြသည်။

    အလားတူ ဖေဖော်ဝါရီလဆန်းပိုင်းမှ တိုက်ပွဲပြင်းထန်ခဲ့သည့် တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်တွင်လည်း တိုက်ပွဲဆက်လက် ဖြစ်ပွားနေပြီး စစ်တပ်မှ လက်နက်ကြီးအပြင် လေယာဉ်ဖြင့် ဗုံးကြဲချတိုက်ခိုက်မှုများ လုပ်ဆောင်နေဆဲဖြစ်သည်။

    ပုံ – KNU

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks