တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်-ကျွန်းစု ရေလမ်းတွင် ပြေးဆွဲနေသည့် အမြန်ရေယာဉ်တစ်စီးမှ ဖမ်းဆီးထားသည့် လူငယ် ၄၀ ကျော်ကို ကျွန်းစုမြို့ တပ်စခန်းတစ်ခုမှ ငွေကြေးဖြင့် လာရွေးရန် ပြောဆိုလာကြောင်း ကာယကံရှင်နှင့် နီးစပ်သူများထံမှ သိရသည်။
မတ်လ ၁၆ ရက်နေ့က ကျွန်းစုမြို့နယ်၊ ကံမော်ကျေးရွာမှ မြိတ်မြို့သို့ ခရီးသည် ၁၀၀ ခန့် လိုက်ပါလာသည့် “၉၉၉” အမြန်ရေယာဉ်တစ်စီးကို မြိတ်မြို့အဝင် မအိုင်ကျေးရွာအုပ်စုအနီးရှိ ကျွန်းတစ်ခုအရောက်တွင် ကင်းလှည့်ရေယာဉ်ဖြင့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များက ရပ်တန့်စစ်ဆေးမှု လုပ်ဆောင်ပြီး လူငယ် ၄၀ ကျော်ကို ရေယာဉ်မှ ဆွဲချခေါ်ဆောင်ခဲ့ခြင်းဖြစ်သည်။
ရေယာဉ်မှ ခေါ်ဆောင်လာသူများကို ကျွန်းစုမြို့ရှိ စစ်ကော်မရှင်တပ်စခန်းတစ်ခုတွင် ထိန်းသိမ်းထားပြီး တစ်ဦးလျှင် ငွေကျပ်သိန်း ၁၃၀ ဖြင့် လာရွေးရန်နှင့် မပေးဆောင်နိုင်သူများကို စစ်မှုထမ်းသင်တန်းသို့ ခေါ်ဆောင်သွားမည်ဟု ခြိမ်းခြောက်ပြောဆိုထားကြောင်း ဖမ်းဆီးခံရသူနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

“အစကတော့ မှတ်ပုံတင်စစ်မယ်လို့ ပြောပြီး ယာဉ်ပေါ်ကနေ ခေါ်ချလာတယ်။ အဲဒီအထဲက အသက် ၂၀ ကျော် လူငယ်တွေကို ရွေးထုတ်သွားတာ။ ကျောင်းသားတွေရော ပါသွားတာ။ စမတ်ကတ် မရှိကြဘူးဆိုပြီး လုပ်ပေးမယ်လို့ ပြောပြီး ခေါ်သွားတာ။ ဟိုကိုရောက်တော့ လာရွေးရမယ်တဲ့။ မရွေးရင် စစ်မှုထမ်းတက်ရမယ်တဲ့။ ဘယ်လောက်လဲလို့ မေးတော့ တစ်ယောက် သိန်း ၁၃၀ နဲ့ လာရွေးရမယ်တဲ့။ ကျောင်းသားတွေကိုတော့ တစ်ယောက်ကို ၃ သိန်းတဲ့” ဟု အထက်ပါ နီးစပ်သူက ပြောသည်။
ယမန်နေ့ မတ်လ ၁၈ ရက်နေ့က မိဘအုပ်ထိန်းသူများ ငွေကြေးလာရောက် ပေးဆောင်ထားသည့် လူငယ် ၆ ဦးခန့် ပြန်လည်လွတ်မြောက်လာပြီးဖြစ်သော်လည်း ထိန်းသိမ်းခံရသူများ များစွာရှိနေသေးကြောင်း သိရသည်။
မိသားစုနှင့် အဆက်အသွယ် မရရှိသူများကို ရေကြောင်းမှတစ်ဆင့် မြိတ်လေ့ကျင့်ရေးတပ်သို့ ပို့ဆောင်ခြင်းခံရနိုင်ကြောင်း မြိတ်ဒေသခံ အမျိုးသားတစ်ဦးက သုံးသပ်ပြောဆိုသည်။
“လောလောဆယ်ကတော့ ကျွန်းစုဘက်မှာပဲ ရှိနေသေးတယ်။ လာမရွေးနိုင်တဲ့ လူတွေတော့ မကြာခင် မြိတ်လေ့ကျင့်ရေးတပ်ကို ရေကြောင်းကနေ သူတို့ ပို့လိုက်နိုင်တယ်။ မိသားစုတွေကတော့ စစ်မှုထမ်း မရောက်ဖို့အရေးကို ကမန်းကတန်း လိုက်ထုတ်နေကြတယ်။ အဲဒီထဲက အချို့ကလည်း ငွေကြေး မတတ်နိုင်ကြဘူးလေ။ အဲလို လူတွေကတော့ ထုတ်လို့ မရတော့ဘူးပေါ့နော်” ဟု အထက်ပါ အမျိုးသားက ပြောသည်။
မြိတ်မှ ကျွန်းစုမြို့နယ်သို့ ကုန်းလမ်းပိုင်း လုံခြုံရေးအခြေအနေကြောင့် ဒေသခံများက ရေကြောင်းဖြင့်သာ အဓိက အသုံးပြုသွားလာနေကြသည်။
အဆိုပါ ရေကြောင်းမှ အမြန်ရေယာဉ်ဖြင့် သွားလာနေသည့် ခရီးသွားပြည်သူများကို စစ်ကော်မရှင်က ရှောင်တခင် စစ်ဆေးခြင်း၊ ဖမ်းဆီးခြင်းနှင့် ခြိမ်းခြောက်ပစ်ခတ်ခြင်းများလည်း လုပ်ဆောင်လေ့ရှိကြောင်း သိရသည်။
စစ်ကော်မရှင်မှ နိုင်ငံအနှံ့ လူငယ်များကို အတင်းအဓမ္မ စစ်မှုထမ်းသင်တန်း တက်စေခိုင်းပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီလ အပတ်စဉ် ၂၂ အထိ စစ်မှုထမ်းအင်အား တစ်သိန်းအထိ စုဆောင်းရရှိနေပြီးဖြစ်ကြောင်းလည်း မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ MDSI က ပြောသည်။
ပြည်သူ့စစ်မှုထမ်း ဥပဒေ၏ အကျိုးဆက်အဖြစ် လူငယ်ထောင်ပေါင်းများစွာ ဥပဒေမဲ့ ဖမ်းဆီးစုဆောင်းခံရခြင်း၊ ရှေ့တန်းစစ်မြေပြင်တွင် အများအပြား ထိခိုက်သေဆုံးခြင်းနှင့် လူငယ်ထုများ၏ အနာဂတ်များစွာ ထိခိုက်သက်ရောက်စေခဲ့ကြောင်းလည်း MDSI မှ အစီရင်ခံစာတွင် ဖော်ပြသည်။



