တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် ဝင်းဝတပ်စခန်းသိမ်းတိုက်ပွဲမှ ဆုတ်ခွာထွက်ပြေးပြီး ပိတ်မိနေသည့် စစ်ကော်မရှင် စစ်ကြောင်းအဖွဲ့များ ထွက်ခွာနိုင်ရန် လေယာဉ်ဖြင့် ဗုံးကျဲချတိုက်ခိုက်မှုများကြောင့် ဒေသခံ ၂ ဦး သေဆုံးပြီး ၁၀ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ သတင်းနှင့်ပြန်ကြားရေးမှ ပြောပြချက်အရ သိရသည်။
ဝင်းဝစခန်းသိမ်းတိုက်ပွဲမှ ဆုတ်ခွာထွက်ပြေးလာသည့် တပ်သားများနှင့် သရက်ချောင်းမြို့မှ စစ်ကူလာသည့် ဗျုဟာမှူးအဆင့်အပါအဝင် အင်အား ၁၀၀ ကျော် ခန့်ရှိသည့် စစ်ကော်မရှင်စစ်ကြောင်းသည် ချောင်းဝပြင်၊ ဂုံညှင်းဆိပ်၊ ဆီးတောရွာ အနီးတဝိုက်တွင် ပိတ်မိနေပြီး နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေသည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် နှစ်ဖက်တိုက်ပွဲများ ယနေ့အထိ ဆက်လက်ဖြစ်ပွားနေသည်။
ပိတ်မိနေသည့် စစ်ကော်မရှင်စစ်ကြောင်းသည် ပင်လယ်ဘက်ရှိ ရေတပ်သို့ ဆုတ်ခွာထွက်ပြေးရန် လေကြောင်းဖြင့် ဆက်တိုက်ပစ်ကူတိုက်ခိုက်နေသည်ဟု ထားဝယ်ခရိုင်အမှတ် (၂) တပ်ရင်းမှ မဟာမိတ်ဆက်ဆံရေးမှူး ကိုမင်းထက်က ပြောသည်။
လေကြောင်း ပစ်ကူတိုက်ခိုက်မှုကြောင့် ပြီးခဲ့သည့် မတ်လ ၁၅ ရက်နေ့က သရက်ချောင်းမြို့နယ် အောက်ပိုင်းရှိ ကျေးရွာများမှ ဒေသခံ အမျိုးသား ၁ ဦး အမျိုးသမီး ၁ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ သူတို့ထွက်ဖို့ ရေလမ်းဘက်ကနေပဲ ထွက်လို့ရမယ်ဆိုတော့ သူတို့ပြန်ဆုတ်ဖို့အတွက် စစ်ကော်မရှင်က လေကြောင်း ရေကြောင်း ကနေ့ ဗုံးတွေလက်နက်ကြီးတွေ ဆက်တိုက် ကူပစ်ပေးနေတာ တော်လှန်ရေးတပ်ဖွဲ့တို့နဲ့ တိုက်ပွဲက နေ့တိုင်းနီးပါးဖြစ်နေတုန်းပါပဲ” ထားဝယ်ခရိုင်အမှတ် (၂) တပ်ရင်းမှ မဟာမိတ်ဆက်ဆံရေးမှူး ကိုမင်းထက်က ပြောသည်။
၎င်းအပြင် နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေသည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ထိခိုက်သေဆုံးမှုများ ရှိနေကြောင်းလည်း ဆိုသည်။
မတ်လ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် Y-12 လေယာဉ်ဖြင့် ဂုံညှင်းဆိပ်ကျေးရွာနှင့် ဆီတောပတ်ဝန်းကျင်ကို ၁၀ ကြိမ်ထက်နည်း ကြဲချတိုက်ခိုက်ခဲ့ပြီး ၁၁ နာရီ ကျော်တွင် K8W ဂျက်ဖိုက်တာဖြင့် ဗုံး ၃ လုံး ထပ်မံကြဲချတိုက်ခိုက်ပြီး စက်သေနတ်ဖြင့်လည်း လှည့်ပတ်ပစ်ခတ်ခဲ့သေးသည်။
အဆိုပါ အခြေအနေများကြောင့် လုံခြုံရေးအရ အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးကို ပိတ်ဆို့ထားဆဲဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များ ထိုလမ်းပိုင်းနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ထုတ်ပြန်လာမှသာလျှင် အသွားအလာလုပ်ဆောင်ကြရန် ထားဝယ်ခရိုင်အမှတ် (၂) တပ်ရင်းမှ မဟာမိတ်ဆက်ဆံရေးမှူး ကိုမင်းထက်က ဆက်ပြောသည်။
“ လမ်းပိုင်းက ပြန်လည်ဖွင့်ထားတာမရှိသေးဘူး သရက်ချောင်းမြို့နယ်မှာ အပေါ်ပိုင်းရော အောက်ပိုင်းရော တိုက်ပွဲတွေဖြစ်နေတယ်။ သွားလို့လာလို့ရတဲ့အခြေအနေက အင်မတန် နည်းသေးတယ်ပေါ့နော်။ ဒေသခံပြည်သူတွေ အားလုံး အခက်အခဲဖြစ်နေတယ်ဆိုတာသိပါတယ် လမ်းတလျှောက်မှာ တိုက်တွေ အပြင်းအထန်ဖြစ်နေတာမို့လို့ပါ တော်လှန်ရေးတပ်ဖွဲ့တို့ဘက်ကနေ တရားဝင်ကြေညာချက်ထုတ်ပြန်တော့မှဘဲ အသွားအလာလုပ်စေချင်တယ် မဟုတ်ရင် ပြည်သူလူထုတွေအတွက် အန္တရာယ်များလွန်တယ်” ဟု ကိုမင်းထက်က ဆိုသည်။
တော်လှန်ရေးတပ်ဖွဲ့တို့ ဝင်းဝစခန်းကို သိမ်းပိုက်ပြီးနောက် နယ်မြေရှင်းလင်းရေးလုပ်ဆောင်စဉ် ဥယျာဉ်ခြံနှင့် လမ်းမကြီးပေါ်တွင် ကျည်ထိမှန်ဒဏ်ရာ၊ ဓားဒဏ်ရာများဖြင့် သေဆုံးနေသည့် စစ်ဘေးရှောင်ပြည်သူ ၂၀ ဝန်းကျင်သည် စစ်ကော်မရှင်တပ်ဖွဲ့ထံ သတ်ဖြတ်ခံထားရသည့် ရုပ်အလောင်းကို တွေ့ရှိခဲ့ရသည်။
မြိတ်-ထားဝယ် အမှတ်(၈) လမ်းမကြီးပေါ်ရှိ ဝင်းဝတပ်စခန်းကို ဖေဖော်ဝါရီလ ၇ ရက်နေ့မှစ၍ KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ စတင်တိုက်ခိုက်ခဲ့ရာ မတ်လ ၁၁ ရက်နေ့တွင် အပြီးအပိုင် သိမ်းပိုက်နိုင်ခဲ့သည့်အချိန်မှစ၍ နယ်မြေရှင်းလင်းရေးများ လုပ်ဆောင်နေပြီး တိုက်ပွဲများလည်း ဆက်လက်ဖြစ်ပွားနေသည်။



