မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ရာကျေးရွာအချို့တွင် ခိုးဆိုးလုယက်မှုများ ယခင်ကထက် လျော့နည်းလာသည်ဟု ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
စစ်အာဏာသိမ်းချိန်မှစ၍ ရေးမြို့နယ်တွင် အုပ်စုလိုက် သောင်းကျန်းနေသည့် မူးယစ်ဆေးစွဲသူ လူအုပ်စုများကို စစ်ကော်မရှင်အဖွဲ့မှ လိုက်လံရှာဖွေဖမ်းဆီးမှု မလုပ်ဆောင်သဖြင့် ဥယျာဉ်ခြံထွက် အသီးအနှံနှင့် နေအိမ်တန်ဖိုးကြီးပစ္စည်းများ မကြာခဏ ပျောက်ဆုံးမှု ဖြစ်နေသည်။
ဒေသခံများဘက်မှ တိုက်ရိုက် အကူအညီတောင်းဆိုခြင်းများ မလုပ်ဆောင်သော်လည်း တော်လှန်ရေးတပ်ဖွဲ့များမှ ဖမ်းဆီးအရေးယူမှု လုပ်ဆောင်နေသဖြင့် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ အဆိုပါဖြစ်စဉ်များ သိသိသာသာ လျော့နည်းလာသည်ဟု ရေးဒေသခံ အမျိုးသမီးတစ်ဦးက ဆိုသည်။

“အရင်ကဆို ကွမ်းသီးမှည့်ဖို့မပြောနဲ့ ကွမ်းသီးနုနုအချိန်မှာပဲ ခိုးခူးလိုက်ကုန်ပြီး၊ ဒူးရင်းသီးဆိုလည်း ခြံသမားတွေတောင် မြင်မခင်ဘူး။ ကွမ်းသီးအခြောက်လှန်းထားရင်လည်း ပြန်လာမကြည့်နဲ့တော့ ဘာမှမရှိတော့ဘူး။ ခုဆို အများကြီးကောင်းလာတယ်၊ သူခိုးက မရှိတော့တာမဟုတ်ဘူး။ နည်းသွားတာပေါ့လေ” ဟု ပြောသည်။
မွန်တော်လှန်ရေးတပ်များနှင့် မဟာမိတ်တပ်ပေါင်းစုများသည် စစ်အာဏာသိမ်းပြီးနောက် ရေးနှင့် မွန်-ကရင် အစပ်နေရာများကို အများဆုံး ထိန်းချုပ်နိုင်ခဲ့ပြီး ဒေသခံများ၏ လုံခြုံရေးဆိုင်ရာကိစ္စများကို ဆောင်ရွက်လျက်ရှိသည်။
ခိုးဆိုးလုယက်မှုကြောင့် ဖမ်းဆီးရမိသူများကို ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့များက ကျေးရွာမှ ပြောင်းရွှေ့ထွက်ခွာခြင်းနည်းဖြင့် အရေးယူပေးနေသည်ဟုလည်း အထက်ပါ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
“သဘောက သူတို့အဖွဲ့ ရွာမှာရှိနေသရွေ့တော့ ရွာကို ဘယ်တော့မှ ပြန်မလာနဲ့၊ သွားချင်တဲ့နေရာ သွား၊ ဘယ်မှာပဲနေနေ ဒါမဲ့ ရွာထဲမှာ မနေနဲ့၊ အဖမ်းခံရတဲ့သူ အများစုက ထိုင်းတက်သွားပြီးလို့ ကြားတယ်။ သူတို့မဖမ်းခင်ကတည်းက သတိပေးထားတယ်၊ သတိပေးနေရက်နဲ့ ဆက်ခိုးနေတော့ အဲ့လိုလုပ်လိုက်တာ” ဟု ပြောသည်။
IMNA မှ အချက်အလက်အရ ရေးမြို့နယ်တွင် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်က နေအိမ်ဖောက်ထွင်းခံရမှုနှင့် လုယက်ခံရမှု အဆိုးရွားဆုံးဖြစ်ခဲ့ပြီး ဆုံးရှုံးနစ်နာမှုများစွာ ရှိခဲ့ကြောင်း သိရသည်။
ခိုးဆိုးလုယက်ခံရမှုအပေါ် စစ်ကောင်စီ ရဲတပ်ဖွဲ့ထံ တိုင်ကြားပါကလည်း လုံခြုံရေးအကြောင်းပြချက်နှင့် ဖြစ်စဉ်တိုင်ချက်သာ ဖွင့်ထားပြီး လိုက်လံရှာဖွေ ဖမ်းဆီးပေးခြင်း မရှိပေ။
လက်ရှိတွင် တော်လှန်ရေးတပ်ဖွဲ့များကြောင့် ခိုးဆိုးလုယက်မှု လျော့နည်းလာသည်ဆိုသော်လည်း လုံးဝ ကုန်ဆုံးသွားခြင်းမဟုတ်သဖြင့် ဆက်လက် အရေးယူဆောင်ရွက်ပေးရန်လည်း ဒေသခံများ လိုလားနေကြသည်။



