ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်မှုနယ်မြေ၊ ခလယ်လွီထူ (ညောင်လေးပင်) ခရိုင်၊ လယ်ဒို (ကျောက်ကြီး) မြို့နယ်တွင် အရပ်သားမိသားစုဝင် ၃ ဦးကို စစ်ကော်မရှင်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း KNU က ထုတ်ပြန်သည်။
စီမံအုပ်ချုပ်မှုနယ်မြေအတွင်း အာဏာသိမ်းစစ်တပ်၏ ဆေးရိုးခင်အထိုင်တပ်နှင့် ပူးပေါင်းတပ်တို့သည် မတ်လ ၁၇ ရက်နေ့ နံနက်ပိုင်းက လယ်ဒို (ကျောက်ကြီး) မြို့နယ်၊ ဇရပ်ခင်ရွာ၊ နံဇလေးရွာနှင့် သဲဖြူရွာထဲသို့ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့သည်။
စစ်ကြောင်းထိုးဝင်ရောက်လာစဉ် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ကြသော ဇရပ်ခင်ကျေးရွာမှ မိသားစုဝင် ၃ ဦးကို အကြောင်းမဲ့ သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်။
စစ်တပ်က သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အသက် ၃၂ နှစ်အရွယ် ရဲမင်းနိုင်၊ အသက် ၃၄ နှစ်ရှိ မလေးခင်တို့ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သားဖြစ်သူ အသက် ၂ နှစ်အရွယ် ဖိုးသောက်ကြာ ပွဲချင်းပြီး သေဆုံးခဲ့သည်။
စစ်ကြောင်းထိုးဝင်ရောက်လာမှုကြောင့် သဲဖြူရွာသစ်၊ ရွှေတဲစု၊ ပေါက်ကုန်း၊ သဲဖြူရွာဟောင်း၊ ဇရပ်ခင်၊ နံဇလေး၊ ရွာသာယာနှင့် သစ်တဲကျေးရွာ စုစုပေါင်း ကျေးရွာ ၈ ရွာမှ အိမ်ခြေ ၄၀၇၊ လူဦးရေ ၁၇၄၃ ဦးတို့က ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
စစ်တပ်က ခလယ်လွီထူခရိုင်အတွင်းရှိ အရပ်သားပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်နေသည့်လုပ်ရပ်များကြောင့် အပြစ်မဲ့ အရပ်သားပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး စိုးရိမ်ထိတ်လန့်မှုများဖြင့် နေထိုင်နေကြရသည်။



ဓာတ်ပုံ – စစ်တပ် ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ရသော ပြည်သူ ၂ ဦး



