ကမ္ဘာ့အရှေ့အလယ်ပိုင်း ပဋိပက္ခကြောင့် ထိုင်းနိုင်ငံတွင် လောင်စာဆီ မလုံလောက်မှုများ ဖြစ်လာပြီး ဆီဈေးနှုန်း မြင့်တက်လာခြင်းနှင့်အတူ အခြေခံကုန်ဈေးနှုန်းများလည်း မြင့်တက်လာနိုင်ခြေရှိသဖြင့် ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ အသုံးစရိတ်ချွေတာပြီး လိုအပ်သော ပြင်ဆင်ဆောင်ရွက်မှုများ လုပ်ဆောင်ထားရန် မြန်မာအလုပ်သမားအရေး ကူညီဆောင်ရွက်နေသူများက IMNA မှတစ်ဆင့် တိုက်တွန်းသည်။
ထိုင်းနိုင်ငံအတွင်း လက်ရှိလောင်စာဆီများနှင့် ထုတ်လုပ်ထားသည့် ကုန်ပစ္စည်း လက်ကျန်များအရ ရက်ပေါင်း ၆၀ (၂ လ) ခန့်အထိ ရောင်းချရန် လုံလောက်မှုရှိကြောင်း၊ ကုန်ဈေးနှုန်းများလည်း ရက်ပေါင်း (၆၀) အထိ တည်ငြိမ်အောင် ထိန်းထားနိုင်ဦးမည်ဖြစ်ကြောင်း ထိုင်းအစိုးရ တာဝန်ရှိသူများက ယမန်နေ့ မတ်လ ၁၇ ရက်နေ့တွင် ပြောကြားထားသည်။
အဆိုပါ သတ်မှတ်ရက်များ ကျော်လွန်သွားပါက ဆီပြတ်လပ်မှု ဖြစ်နိုင်ပြီး ကုန်ဈေးနှုန်းများ မြင့်တက်လာနိုင်ခြေရှိသဖြင့် ထိုင်းတွင် အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမားများအနေဖြင့် မလိုအပ်ဘဲ ခရီးသွားလာခြင်းများ၊ မလိုအပ်သော ကုန်ပစ္စည်း ဝယ်ယူခြင်းများကို ချင့်ချိန်ရန် မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်သူများက တိုက်တွန်းထားသည်။

“ဆီဈေးတွေ မြင့်တက်လာတဲ့အတွက်ကြောင့် ကုန်ဈေးနှုန်းတွေလည်း ထပ်ပြီး တက်လာမှာကို စိုးရိမ်ရတယ်။ လောလောဆယ်တော့ ကိုယ့်မှာ မော်တော်ဆိုင်ကယ်တွေရှိရင်လည်း မလိုအပ်ဘဲ အများကြီး သွားတာမျိုးတွေ မလုပ်ဖို့၊ မလိုအပ်ဘဲ ပစ္စည်းတွေ မဝယ်ဖို့၊ အရေးပေါ်အခြေအနေအတွက် ငွေတွေ စုထားဖို့လိုတယ်” ဟု မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်သူတစ်ဦးက ဆိုသည်။
ထိုင်းအစိုးရမှ သတ်မှတ်ဈေးနှုန်းအတိုင်း ယနေ့ မတ်လ ၁၈ ရက်နေ့တွင် ဒီဇယ်ဈေး တစ်လီတာကို ၃၃ ဘတ်ဖြင့် ဈေးနှုန်းတိုးမြှင့်၍ စတင်ရောင်းချနေပြီး ဖြစ်သည်။
လောင်စာဆီ ဈေးနှုန်းမြင့်တက်ခြင်း၏ သက်ရောက်မှုကြောင့် သယ်ယူပို့ဆောင်ရေးနှင့် ထုတ်လုပ်မှုစရိတ်များ မြင့်တက်လာနိုင်ကြောင်းလည်း ထိုင်းအာဏာပိုင်များမှ သတိပေးထားသည်။
ထို့ကြောင့် မြန်မာရွှေ့ပြောင်းလုပ်သားများအနေဖြင့် မလိုအပ်သော အသုံးစရိတ်များကို လျှော့ချခြင်း၊ ငွေကြေးကို စနစ်တကျ စီမံခန့်ခွဲ သုံးစွဲခြင်းနှင့် အရေးပေါ်အခြေအနေများအတွက် ကြိုတင်စုဆောင်းထားခြင်းတို့ ပြုလုပ်ရန် တိုက်တွန်းထားသည်။
“လောင်စာဆီကိစ္စက တစ်ကမ္ဘာလုံးကို ရိုက်ခတ်လာမယ်ဆိုရင်တော့ စက်မှုဇုန်တွေမှာလည်း ထုတ်လုပ်မှုတွေ ခက်ခဲသွားလိမ့်မယ်။ အခြေခံစားသောက်ကုန်တွေလည်း တစ်ပြိုင်နက် တက်လာနိုင်တယ်။ အဲဒီအချိန်မှာ မြန်မာလုပ်သားတွေအနေနဲ့ ဝင်ငွေက ထွက်ငွေမမျှ ဖြစ်သွားမှာကို စိုးရိမ်ရတယ်။ ဒါကြောင့် ခုချိန်ကစပြီး ငွေတွေကို သတိထား သုံးစွဲဖို့ လိုအပ်တယ်” ဟု ထိုင်းရောက် မြန်မာလုပ်သားတစ်ဦးက ဆိုသည်။
ထိုင်းအစိုးရဘက်မှလည်း စစ်ရေးပဋိပက္ခများ၏ အဆုံးသတ်ကို ခန့်မှန်းရန် ခက်ခဲနေသဖြင့် ပြည်သူများအနေဖြင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားရန် လိုအပ်ကြောင်း မတ်လ ၁၄ ရက်နေ့တွင် အစီရင်ခံစာတစ်ရပ် ထုတ်ပြန်ထားသည်။
အရှေ့အလယ်ပိုင်းနိုင်ငံများမှ ထွက်ရှိသော ရေနံများကို တင်ဆောင်နေသည့် သင်္ဘောများသည် အီရန်၏ တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားလာခွင့် မရသည့်အတွက် အာရှနှင့် ကမ္ဘာ့နိုင်ငံ အများအပြားတွင် လောင်စာဆီ ပြတ်လပ်ခြင်းအပြင် ဈေးနှုန်း မြင့်တက်လာမှုများကိုလည်း ကြုံတွေ့နေရသည်။




