Wednesday, March 18, 2026
More
    spot_img
    Homeသတင်းရှမ်းမြောက်တင်းမာမှုများနှင့် တရုတ်အကျိုးစီးပွား

    ရှမ်းမြောက်တင်းမာမှုများနှင့် တရုတ်အကျိုးစီးပွား

    -

    ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့တွင် ညီနောင်မဟာမိတ်များဖြစ်သည့် မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ကြား တိုက်ပွဲများဖြစ်ပွားသည်အထိ ပဋိပက္ခပြင်းထန်ခဲ့သည်။

    ကွတ်ခိုင်မြို့ပေါ်ရှိ MNDAA တပ်များကို TNLA က ဖမ်းဆီးကာ မြို့ပေါ်မှ နှင်ထုတ်ရာမှ စတင်ခဲ့ပြီး MNDAA က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ကာ ကွတ်ခိုင်မြို့ကို မတ်လ ၁၅ ရက်နေ့က သိမ်းပိုက်ခဲ့သည်။

    ညီနောင်မဟာမိတ်များ နှစ်ဘက်အထိုင်ချမှု အငြင်းပွားခဲ့သည့် ကွတ်ခိုင်မြို့မှာ တရုတ်အစိုးရက အမြန်ဆုံးပြန်ဖွင့်နိုင်ရန် လိုလားနေသည့် မူဆယ်-လားရှိုး ပြည်ထောင်စု လမ်းမကြီးပေါ်တွင် တည်ရှိနေသည့် မြို့ပင်ဖြစ်သည်။

    ကွတ်ခိုင်မြို့နည်းတူ နမ့်ဖက်ကာအနီးရှိ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ၏ စစ်ဆေးရေးဂိတ်များကိုလည်း MNDAA က ဖယ်ရှားပေးရန် လာရောက်ပြောဆိုခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်များက ဆိုသည်။

    MNDAA က ကွတ်ခိုင်မြို့ကို သိမ်းပိုက်ပြီး နောက်တစ်နေ့တွင်ပင် မူဆယ်-လားရှိုး ပြည်ထောင်စုလမ်းမကြီးကို ပြန်ဖွင့်ပေးခဲ့သည်။

    တရုတ်-မြန်မာအရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက “ကျွန်မအမြင်ပြောရရင်တော့ တရုတ်က ဒီလမ်းတွေကို ဖွင့်ဖို့ ဖိအားပေးနေတယ် ထင်တယ်။ တရုတ်က ဒီလမ်းကို အမြန်ပြန်ဖွင့်ချင်တယ်။ သူတို့ရဲ့ စီမံကိန်းတွေကို ဒီနှစ်ထဲမှာ စနိုင်ဖို့ကို တရုတ်က ပြင်ဆင်နေတာ။ ယူနန်ရဲ့ ကုန်းတွင်းပိတ် စီးပွားရေးကို သူတို့ ပိုပြီးအာရုံစိုက်မယ့်အချိန်လို့ကျွန်မနားလည်ထားတယ်။” ဟု သုံးသပ်ပြောဆိုသည်။

    ညီနောင်မဟာမိတ်နှစ်ဖွဲ့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများ ရပ်တန့်ရေးအတွက် MNDAA နှင့် TNLA ထိပ်ပိုင်းခေါင်းဆောင်များ မတ်လ ၁၇ ရက်နေ့ နံနက်ပိုင်းက လောက်ကိုင်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

    ၁၀၂၇ စစ်ဆင်ရေးကြီးတွင် ကွတ်ခိုင်မြို့သည် ထောက်ပို့လမ်းကြောင်းအတွက် အလွန်အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့သလို စစ်အေးကာလတွင်လည်း ကုန်သွယ်ရေးလမ်းကြောင်းပေါ်တွင် အရေးပါသည့် မြို့တစ်မြို့ဖြစ်နေသည်။

    “ကွတ်ခိုင်က ပြောရရင် လက်နက်ပွဲခင်းကြီးလိုဖြစ်ခဲ့တာ။ အောက်ပိုင်းက အဖွဲ့တွေ လက်နက်လာဝယ်ရတဲ့ လက်နက်ပွဲရုံလိုပဲပေါ့။” ဟု ရှမ်းမြောက်စစ်ပွဲတွင် ပါဝင်ခဲ့သည့် PDF ရဲဘော်တစ်ဦးထံက သိရသည်။

    ညီနောင်မဟာမိတ်များကြား ပဋိပက္ခများ မစတင်မီ လပိုင်းအလိုတွင် ကူမင်း၌ TNLA၊ စစ်တပ်နှင့် တရုတ်ကိုယ်စားလှယ်တို့တွေ့ဆုံပြီး ကွတ်ခိုင်နှင့် နမ္မတူမြို့ကို ပြန်ပေးရန် ညှိနှိုင်းခဲ့သော်လည်း အဆင်မပြေဖြစ်ခဲ့ကြောင်း TNLA နှင့် နီးစပ်သူထံက သိရသည်။

    “တရုတ်က ရှမ်းမြောက်ကို ငြိမ်းချမ်းစေချင်တယ်။ သူစီးပွားရေးလုပ်ဖို့လိုတယ်။ ဒါကြောင့်လည်း ဒီရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင် အတင်းလုပ်ပေးခဲ့တာ။ တရုတ်က ဒီအဖွဲ့တွေကြား ဝင်ညှိပေမယ့် တယောက်တပေါက်ဖြစ်နေတာကို ကျေနပ်ပုံမရဘူး။ နောက်တစ်ခုက UWSA က လက်ရှောင်နေတယ်။ သူ့ကို စာတင်တယ်လို့ ပြောကြပေမယ့် ဝ ဘက်က ဘာအသံမှ မထွက်လာဘူး” ဟု စစ်ရေးလေ့လာသုံးသပ်သူတစ်ဦးက သုံးသပ်သည်။

    တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့မှ မူဆယ်-မန္တလေး-ကျောက်ဖြူ ရထားလမ်းစီမံကိန်းသည် လက်ရှိ ပဋိပက္ခများဖြစ်ပွားနေသော ကွတ်ခိုင်၊ နမ့်ဖက်ကာမြို့များကို ဖြတ်သွားမည်ဖြစ်သည်။

    အဆိုပါ စီမံကိန်းအကောင်အထည်ပေါ်ပါက တရုတ်အနေဖြင့် အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ကိုလည်း ရမည်ဖြစ်သလို ကုန်းတွင်းပိတ်နေသည့် ယူနန်ဒေသတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာပြီး တစ်နိုင်ငံလုံးစီးပွားရေးဖွံ့ဖြိုးတိုးတက်မှု မျှချေကို ရမည်ဖြစ်သည်။

    အဆိုပါ ရထားလမ်းစီမံကိန်းအတွက် ခန့်မှန်းကုန်ကျငွေ အမေရိကန်ဒေါ်လာ ၈ ဘီလီယံအထိ ကုန်ကျမည်ဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် စီမံကိန်းအကောင်အထည်ပေါ်ရေးကို စစ်ဗိုလ်ချုပ်များ မကြာခဏဆိုသလို ထုတ်ပြောခဲဘကြသည်။

    ရထားလမ်းစီမံကိန်းမှာ နှစ်ဆယ်ချီစီမံကိန်းကြီးဖြစ်၍ ချက်ချင်းအကောင်အထည်ပေါ်ရန် ခဲယဉ်းနေသေးသော်လည်း အခြေခံအဆောက်အဦးနှင့် လိုအပ်ချက်များကို တရုတ်က စတင်နေပြီဟု မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။

    သီပေါ်မြို့နယ်ကို ဖြတ်သွားမည့် ရထားလမ်းပိုင်းကို လျှပ်စစ်ဓာတ်အားအလုံအလောက်ပေးနိုင်မည့် နမ္မတူရေကာတာစီမံကိန်းကဲ့သို့သော ပြင်ဆင်မှုများကို စစ်တပ်ဘက်ကလည်း အကောင်အထည် ဖော်နေပြီဟု သိရသည်။

    ညီနောင်မဟာမိတ်များကြား ပြဿနာမှာ တရုတ်၏ ကြိုးကိုင်မှု ဖြစ်ခြင်း၊ မဖြစ်ခြင်းကို အတည်မပြုနိုင်ကြသော်လည်း အဆိုပါနယ်မြေများမှာ တရုတ်အကျိုးစီးပွားရှိနေသည့် ဒေသများပင် ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks