အဆင့်မြင့်ပညာရေးအတွက် ပြင်ဆင်နေသည့် မွန်လူငယ်များ အကူအညီဖြစ်စေရန် Diploma in English သင်တန်းကို မွန်တက္ကသိုလ်ကျောင်းသားများကွန်ယက် (Mon University Students Network – Thailand, MUSN) မှ အွန်လိုင်းမှတစ်ဆင့် ဖွင့်လှစ်ရန် စီစဉ်နေကြောင်း သိရသည်။
ထိုင်းနိုင်ငံရှိ တက္ကသိုလ်များတွင် ပညာသင်ကြားနေသည့် မွန်လူငယ်များနှင့် မွန်တက္ကသိုလ်ကျောင်းသားများကွန်ယက် (Mon University Students Network – Thailand, MUSN) တို့မှ ပြီးခဲ့သည့် မတ်လ ၁၄ ရက်နေ့က ပြုလုပ်သည့် ကျောင်းသားသစ်ကြိုဆိုပွဲနှင့် နှစ်ပတ်လည်အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“ဒီနှစ်အတွင်းမှာ မွန်လူငယ်တွေအတွက် Diploma course ဖွင့်ဖို့ စီစဉ်ထားတာရှိတယ်။ ဒီသင်ကြားရေးမှာ ရည်ရွယ်ထားတာက 4 skill သက်သက် မဟုတ်ဘူး၊ တက္ကသိုလ်တက်ဖို့အတွက် ပြင်ဆင်ရမဲ့အပိုင်းတွေ Diploma အဆင့်ထိ သင်ပေးဖို့ စီစဉ်ထားတယ်။ ဒီ course ကိုတော့ အွန်းလိုင်မှာပဲ ဖွင့်မယ်၊ အခု ဘယ်အချိန်ဘယ်ရက် ဘယ်နေ့ဖွင့် ဘယ်လိုလဲဆိုတာကိုတော့ ဆရာ၊ဆရာမတွေနဲ့ ဆွေးနွေးပြီးမှ ဘယ်အချိန် ဘာသင်သွားမှာကို Page ကနေ အသိပေးသွားမယ်” ဟု MUSN မှ တာဝန်ရှိသူ အမျိုးသားတစ်ဦးက ပြောသည်။
အင်္ဂလိပ်ဘာသာကို အခြေခံအဆင့်မှ ကျွမ်းကျင်အဆင့်အထိ သင်ကြားပေးမည်ဖြစ်သည့်အပြင် ထိုင်းနိုင်ငံအတွင်း အဆင့်မြင့်ပညာရေးဆိုင်ရာ အခွင့်အလမ်းများရရှိရန် ချိတ်ဆက်ကူညီပေးသွားမည်ဟု သိရသည်။
ထိုင်းနိုင်ငံ တက္ကသိုလ်တစ်ခုတွင် တက်ရောက်ရန်ပြင်ဆင်နေသူ မွန်ကျောင်းသားတစ်ဦးကလည်း “ အခုလို သင်တန်းတွေ ဖွင့်တာက ကျနော်တို့လို တက္ကသိုလ်တက်ဖို့ စီစဉ်ထားတဲ့ ကျောင်းသားတွေအတွက် အထောက်အကူ ဖြစ်စေတယ်။ ဘာလို့လဲဆိုတော့ အင်္ဂလိပ်စာစွမ်းရည်တွေကို မြှင့်တင်နိုင်မယ်။ ငွေရေးကြေးရေးအတွက်အခက်ခဲကိုလည်း စိတ်ပူစရာမလိုဘူးပေါ့။ ပြီးတော့ ဘယ်တက္ကသိုလ်တွေမှာ ဘာလိုအပ်ချက်တွေရှိလဲ သိလာရင် ကျနော်တို့အတွက် ခြေတစ်လှမ်းသာစေတယ်” ဟု ပြောသည်။
မတ်လ ၁၄ ရက်နေ့က ကျင်းပသည့် အစည်းအဝေးတွင် ထိုင်းနိုင်ငံအတွင်းရှိ တက္ကသိုလ်အသီးသီး၌ ပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူများကြား ပညာရေးဆိုင်ရာ နှီးနှောဖလှယ်ခြင်း အစီအစဉ်ကို အွန်လိုင်းမှ တစ်လတစ်ကြိမ် တွေ့ဆုံဆွေးနွေးနိုင်ရန် စီစဉ်ထားကြောင်းလည်း သိရသည်။
အဆိုပါ အစီအစဉ်နှင့်ပတ်သက်၍ “ဒီပညာရေးဆိုင်ရာ နှီးနှောဖလှယ်မဲ့ အစီစဉ်မှာတော့ ပညာရေးအကြောင်းနဲ့ လူမျိုးရေးအကြောင်းကို အဓိကထားပြီး လုပ်သွားမယ်။ ပြီးရင် ဒီမွန်လူမျိုးမှာရှိတဲ့ လုပ်ငန်းရှင်ကြီးတွေကိုလည်း ဖိတ်ပြီး အမြင်ဖလှယ်ပေးတာမျိုးတွေ လုပ်ဖို့ရှိတယ်” ဟု MUSN မှ တာဝန်ရှိသူက ဆက်ပြောသည်။
မွန်တက္ကသိုလ်ကျောင်းသားများကွန်ယက် (MUSN) သည် ထိုင်းနိုင်ငံအတွင်း ပညာသင်ကြားနေသည့် မွန်လူငယ်များကြား ချိတ်ဆက်မှုအားကောင်းစေရန်၊ ပညာရေးအခွင့်အလမ်းများ တိုးချဲ့ပေးရန် ရည်ရွယ်ဖွဲ့စည်းထားသော ကွန်ယက်တစ်ခုဖြစ်သည်။
(MUSN) ကို ၂၀၂၃ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သော်လည်း ကျောင်းသားများမှ ပညာရေးကိစ္စနှင့် အချိန်ခွဲဝေပေးမှုအခက်အခဲကြောင့် အဖွဲ့လှုပ်ရှားမှုအစီအစဉ်များကို ယာယီရပ်နားခဲ့ရပြီး ၂၀၂၅ ခုနှစ်တွင် အရှိန်မြှင့် ဆောင်ရွက်လာခဲ့ကြောင်း သိရသည်။




